ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ အားလုံးပါဝင် ဆွေးနွေးခွင့်ရရေး တိုက်တွန်းမယ်လို့ RCSS ပြော

2022.05.12
Share on WhatsApp
Share on WhatsApp
ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ အားလုံးပါဝင် ဆွေးနွေးခွင့်ရရေး တိုက်တွန်းမယ်လို့ RCSS ပြော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ခေါင်းဆောင်တွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ တွေ့ရစဥ်
Photo: RFA

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခပေါင်းစုံကို ဖြေရှင်းဖို့အတွက် ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းခွင့်ရနိုင်ရေး စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုက်တွန်းသွားမယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးအုမ်ခေးက RFA ကို ဒီနေ့ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းရာမှာ တွေ့ဆုံညှိနှိုင်းရေးနဲ့ ယုံကြည်မှုတည် ဆောက်ရေးတွေကနေ အခြေခံရတာကြောင့် RCSS အနေနဲ့ စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ပြင်ဆင်ထားတယ်လို့ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောပါတယ်။

အားလုံးမပါဝင်နိုင်သေးလို့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ဘူးဆိုရင် နိုင်ငံငြိမ်းချမ်းဖို့အတွက် နောက်ကျနေမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ အားလုံးပါဝင်လာ နိုင်ရေးဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဘောထားနဲ့ စစ်ခေါင်းဆောင်ဘက်က ဘယ်လောက်ထိ ပြင်ဆင်ထားနိုင်သလဲဆိုတဲ့အပေါ်မှာလည်း မူတည်တယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ဖို့ဆိုရင် တစ်ဖွဲ့ချင်းစီနဲ့ တဖြည်းဖြည်း ဆွေးနွေး သွားရမှာဖြစ်ပြီး ဒီဆွေးနွေးပွဲကတစ်ဆင့် ရလဒ်ကောင်းတွေရှိလာရင် နောက်ပိုင်း မှာ ကျန်တဲ့အဖွဲ့တွေလည်း ပါဝင်လာနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောပါတယ်။

RCSS အနေနဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ပြောဆိုဆွေးနွေးနိုင်တဲ့ ကိုယ်စားလှယ် တွေ ရွေးချယ်ထားပြီးဖြစ်ပေမယ့် ဘယ်သူတွေ တက်ရောက်မယ်ဆိုတာကို အတိအကျ မပြောလိုသေးဘူးလို့လည်း သူက ပြော ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အပစ်ရပ်လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ ၊ လက်မှတ်မရေးထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ခေါင်းဆောင်တွေကို သူကိုယ်တိုင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးလိုတယ် လို့ ဖိတ်ကြားထားပေမယ့် အဲ့ဒီထဲမှာ လူထုတော်လှန်ရေးကနေ စတင်ခဲ့ တဲ့ NUG နဲ့ PDF လို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတော့ ပါဝင်တာမရှိပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့ ရှိတဲ့အထဲက RCSS အပါအဝင် UWSA “ဝ” တပ်ဖွဲ့၊ NDAA မိုင်းလားတပ်ဖွဲ့၊ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP၊ ကရင်ငြိမ်းချမ်း ရေး ကောင်စီ KNLA/PC၊ မွန်ပြည်သစ်ပါတီ NMSP၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရးပါတီ ALP၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LUD၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA စတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က တက် ရောက်ဖို့ စားရင်းပေးထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကချင်၊ ကရင်၊ ချင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ် အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ကတော့ ဒီဆွေးနွေးပွဲကို မတက်ရောက်ဘူးလို့ တုံ့ပြန် ထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့