လိုင်စင်ပိတ်တဲ့အတွက် ကုန်ပစ္စည်း ဆုံးရှုံးရမှုကို အစိုးရက စဉ်းစားပေးစေလို

2018-08-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကို တွေ့ရစဉ်
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ပြည်တွင်းမှာ ဒေါ်လာဈေး အဆမတန်တက်နေတာကို ထိန်းချုပ်ဖို့  ပြန်လည် တင်ပို့ကုန်စနစ် Re – Export လိုင်စင်တွေကို ယာယီပိတ်လိုက်တာကြောင့် တင်သွင်းမယ့် ကုန်ပစ္စည်းတွေ ဆုံးရှုံးမှုရှိတဲ့အတွက် ပြန်လည်ကာမိဖို့ အစိုးရက စဉ်းစားပေးစေလိုတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပြည်ပကနေ သကြားနဲ့ စက်သုံးဆီတွေကို မှာယူထားပြီးဖြစ်ပြီး တရုတ်နိုင်ငံဆီ ပြန်လည်တင်ပို့ခွင့် မရသေးခင်မှာ ကုန်ပစ္စည်းတွေ ဆုံးရှုံးနစ်နာရတာတွေအတွက် ပြန်လည်ကာမိဖို့ အစိုးရဘက်က လုပ်ပေးစေချင်တယ်လို့ မူဆယ်မြို့က ကုန်သည် ဦးချမ်းသာဦးက ပြောပါတယ်။

"ကျနော်တို့က ယိုးဒယား၊ အိန္ဒိယ၊ ဘရာဇီး ကနေဝယ်မယ် အချိန်ကာလ ကြာမြင့်ချိန်ရှိတဲ့အတွက် လိုင်စင်ကို အနားနီးမှ လျှောက်တတ်တဲ့အနေအထားမှာ လိုင်စင်သက်တမ်းကလည်း ၃ လ ပဲပေးတဲ့ အတွက် ခုလို ပိတ်လိုက်တဲ့အတွင်းမှာ ပြည်တွင်းတောင်မဝင်ရသေးဘဲနဲ့ ဆိပ်ကမ်းကို ရောက်ခါနီး သင်္ဘောတွေ၊ အိန္ဒိယ၊ ယိုးဒယား ဟိုဘက်မှာ ကွန်ဒရက်ချုပ်ပြီး ဝယ်ထားတဲ့ပစ္စည်းတွေက မြန်မာပြည် ကနေ တရုတ်ပြည်ကို တင်သွင်းနိုင်ခြင်း မရှိတော့ဘူးပေါ့နော်၊ ဥပမာ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်လာနိုင် တာပေါ့နော်"

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၁၇ ရက်နေ့ကစပြီး re-export လိုင်စင်ကို ယာယီ ပိတ်လိုက်တယ်လို့ ကြေညာပြီးတဲ့နောက်မှာ ဒေါ်လာဈေးဟာလည်း ၁၅၇၀ ကျော် အထိရောက်နေရာကနေ ၁၅၀၀ ဝန်းကျင်ကို တစ်နေ့တည်းမှာပဲ ပြန်ရောက်သွားခဲ့ပါတယ်။

နိုင်ငံခြားငွေရောင်းဝယ်ရာမှာ အရင်က ဗဟိုဘဏ်ရဲ့ ရည်ညွန်းငွေလဲနှုန်း ၀.၈ ရာခိုင်နှုန်းအတွင်း အတိုး အလျော့ လုပ်နိုင်တယ်လို့ သတ်မှတ်ထားတာကို ပယ်ဖျက်လိုက်ပြီးနောက် ဒေါ်လာဈေးနှုန်းဟာ ၁၅၇၀ ကျော်အထိ မြင့်တက်ခဲ့တာပါ။

ပြန်လည် တင်ပို့ကုန်စနစ် Re-export ရဲ့သဘောတရားအရ ပြည်ပက တင်သွင်းလာမယ့် ကုန်ပစ္စည်းတွေဟာ ပြည်တွင်းမှာ ပြန်ဖြန့်ဖို့အတွက်မဟုတ်ဘဲ တရုတ်နိုင်ငံကို အဓိကထား ပို့မှာဖြစ်လို့ လိုင်စင်ပိတ်လိုက်တဲ့အတွက် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်နေရတာလို့ ပြောပါတယ်။

ဒေါ်လာဈေးထိန်းညှိတဲ့အနေနဲ့ အစိုးရက လုပ်ဆောင်တာကို ကြိုဆိုပေမယ့် အခုလို ရုတ်တရက် လိုင်စင်တွေ ပိတ်လိုက်တဲ့အတွက် နောက်ဆက်တွဲအနေနဲ့  ကုန်သည်တွေကို ပြန်လည်သက်ညှာနိုင်မယ့် နည်းလမ်းတွေ လုပ်ပေးဖို့ တောင်းဆိုရတာလို့လည်း ဦးချမ်းသာဦးက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့