ကျားဖြန့်နှိမ်နင်းရေးမှာ ပူးပေါင်းပါဝင်ဖို့အသင့်ရှိကြောင်း NUG ပြော
2025.02.18

မြန်မာနိုင်ငံတောင်ပိုင်းက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နင်းရေးလုပ်ငန်းတွေမှာ ပူးတွဲတိုက်ဖျက်ဖို့ အသင့်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြောလိုက်ပါတယ်။
ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်မှာ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောကြားခဲ့တာပါ။
"မြန်မာနိုင်ငံတောင်ပိုင်းမှာဖြစ်နေတဲ့ ကျားဖြန့် ကိစ္စကို နိုင်ငံတကာက ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြတာ တွေ့ရှိရတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တွေရဲ့ ကြေညာချက်မှာ ပါသလိုဘဲ ကျွန်တော်တို့အနေနဲ့ ဒီကျားဖြန့်လုပ်ငန်းတွေကို ပူးတွဲတိုက်ဖျက်ဖို့ အဆင်သင့်ရှိတာကို ထပ်လောင်း ပြောကြားချင်ပါတယ်"
ထိုင်းနဲ့ တရုတ်နိုင်ငံပူးပေါင်းပြီး မြန်မာပြည်တောင်ပိုင်းက ကျားဖြန့်လုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစာနေတာကို NUG က ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ ကျားဖြန့်လုပ်ငန်း၊ မူးယစ်ဆေးဝါးကုန်ကူးမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို အမြစ်ဖြတ်ဖို့ဆိုရင် သူတို့ရဲ့ရေသောက်မြစ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ လိုအပ်နေတယ်ဆိုတာ အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေနဲ့ နိုင်ငံတကာက ပူးတွဲတိုက်ဖျက်ဖို့ လိုအပ်တယ်လို့လည်း ရေးသားထားပါတယ်။
စစ်အာဏာရှင်တွေရဲ့ အပေါင်းအပါလက်နက်ကိုင်တွေထိန်းချုပ်နယ်မြေတွေမှာ ကျားဖြန့်နဲ့ ရာဇဝတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်လို့လည်း ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး NUG နဲ့ တော်လှန်ရေးအင်အားစုတွေက ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တောင်းဆိုထားပါတယ်။
NUG ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နယ်စပ်ဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကို နှိမ်နင်းဖို့အတွက် တရုတ်၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဇန်နဝါရီလ ၂၇ ရက် နေပြည်တော်မှာ ကျင်းပတဲ့ ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းရေး အစည်းအဝေးမှာ ပြောဆိုထားပါတယ်။