စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေဟာ ၅ဝ၃,ဝဝဝ အထိရှိလာနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မတ်လ ၉ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီအရေအတွက်ဟာ မတ်လ ၁ရက်နေ့အထိ နောက်ဆုံးရတဲ့ စာရင်းသာဖြစ်ပြီးတော့ ခုနစ်ရက်အတွင်းမှာ ဒုက္ခသည်ဦးရေ ငါးသောင်းကျော် တိုးလာတာလို့ ဖော်ပြထားပါတယ်။
ဒုက္ခသည်တွေအတွက် ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေနဲ့ အသုံးအဆောင်ပစ္စည်းတွေ လုံလုံလောက်လောက် မရှိဘူးလို့လည်း ဆိုပါတယ်။

ကယားပြည်နယ်မှာတော့ ဒုက္ခသည်တချို့ ကိုယ့်နေရပ်ကိုယ် ပြန်တာရှိပေမယ့်လည်း အဲ့ဒီဒေသတွေမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာကြောင့် နောက်တကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးရမယ့် အလားအလာ ရှိနေတယ်လို့ UNHCR က ပြောပါတယ်။
ချင်းပြည်နယ်မှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေ မြင့်တက်နေသလို၊ လတ်တလော တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် မိုးမောက်က လူတစ်ထောင်လောက်လည်း ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
UNHCR ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ မသိမ်းခင်ကတည်းက ဒုက္ခသည် ၃၇၀, ၄၀၀ လောက်ရှိတာမို့ အခုဆိုရင် ဒုက္ခသည် အရေအတွက်ဟာ ၈၇၀,၀၀၀ ကျော်အထိ ရှိလာတာဖြစ်ပါတယ်။