မြစ်ကြီးနားက စစ်ဘေးဒုက္ခသည် ၆၀၀ နီးပါး နေရပ်ပြန်

မြစ်ကြီးနားက နေရပ်ပြန်ဒုက္ခသည်တွေကို ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်နေ့မှာ တွေ့ရစဉ်
မြစ်ကြီးနားက နေရပ်ပြန်ဒုက္ခသည်တွေကို ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်နေ့မှာ တွေ့ရစဉ် (Photo: Citizen Journalist)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အချိန် ၁၁ နှစ်ကျော်ကြာ ထွက်ပြေး ခိုလှုံနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၆၀၀ နီးပါးဟာ မေလ ၂၅ ရက် မနေ့က နေရပ်ပြန်သွားကြပြီလို့ ဒုက္ခသည် အရေး အကူအညီပေးနေတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က RFA ကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဒုက္ခသည် တစ်သိန်းကျော် ထဲက ၆၀၀ နီးပါး နေရပ်ပြန်နိုင်တာလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆန်ဆွမ် က ပြောပါတယ်။

"ဒီနေ့တောင် ၇၀ ပြန်သွားတယ် ရေကြည်ကို။ တောင်ယာလုပ်ဖို့ အချိန်ကလည်း နီးနေပြီဆိုတော့ လုပ်ကိုင်စားသောက်ဖို့ သူတို့ပြန်ချင်ကြပြီလေ။ ရွာတွေမှာတော့ နိပွန်ဖောင်ဒေးရှင်းက ဆောက်ပေးထားတဲ့ အိမ်တွေ အဆင်သင့်ရှိပါတယ်"

အခုနေရပ်ပြန်တဲ့ ဒုက္ခသည်တွေဟာ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ဂျန်မိုင်ကောင်နဲ့ မန်ခိန်ဆရာကထောင် ဗက်သလင် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေခဲ့ကြသူတွေဖြစ်ပြီး သူတို့ မူလနေထိုင်ခဲ့ရာ ရေကြည်၊ ကောင်ရာ၊ တိုင်လွမ့်၊ ဟိုကပ် စတဲ့ကျေးရွာတွေကို ပြန်သွားကြတာ ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။