ရခိုင်မှာ တိုက်ပွဲတွေဆက်ဖြစ်မှာစိုးရိမ်လို့ ဒေသခံတွေ ဒုက္ခသည်စခန်းတွေဆီပြန်လာ

မင်းသိန်းအောင်
2020-12-29
Share

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အချိန် တစ်လခွဲခန့်အကြာ အပစ်အခတ်တွေရပ်စဲနေရာကနေ လာမယ့် ဒီဇင်ဘာလကုန်နောက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုစိုးရိမ်လို့ ဒေသခံအများအပြားဟာ သူတို့ခိုလှုံခဲ့တဲ့ ဒုက္ခသည်စခန်းတွေဆီကို ထွက်ပြေးလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာက ဒေါ်ခင်သန်းဝင်းဟာ အခြားရွာသား ၂၀ ကျော်နဲ့အတူ မူလကခိုလှုံခဲ့တဲ့ ရသေ့တောင်မြို့ပေါ် က စစ်ဘေးဒုက္ခသည်စခန်းဆီကို မနေ့က ထွက်ပြေးတိမ်းရှောင် လာကြပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်လာမှာကိုစိုးရိမ်လို့ ထွက်ပြေးလာကြတာလို့ ဒေါ်ခင်သန်းဝင်းက RFA ကို ပြောပါတယ်။

“ရသေ့တောင်ကိုပြန်လာတာက ဒီဇင်ဘာ ၃၁ နောက်ပိုင်းကိုကြောက်လို့ပါ။ အဲဒါကြောင့် နည်းနည်းရှောင်နေတာပေါ့။ လူတွေ ကတော့ အဲလိုမျိုးပြောနေကြတာပေါ့။ ဆူပူလာမယ်လို့ အဲလိုမျိုးပြောနေကြတာ။ အဲလိုပြောနေကြတော့ လူတွေကလည်းပြေးကြ တော့ ကျွန်မတို့လည်းပြေးလာတာပေါ့ ကလေးတွေနဲ့ ဆိုတော့လေ။ ဖြစ်လာမယ် မဖြစ်လာဘူးဆိုတာကိုတော့ မသိဘူးလေ။ လူတွေပြေးလာတော့ ကျွန်မတို့လည်းပြေးလာတာပေါ့”

ရက္ခိုင့်တပ်တော် AA က လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားတာ သက်တမ်းပြည့်တော့မှာ ဖြစ်သလို ချန်လှပ်ခံထားရတဲ့ မြို့နယ်တွေမှာ ဒီဇင်ဘာလမကုန်ခင် ရွေးကောက်ပွဲလုပ်ဖို့ ထုတ်ပြန်ချက်ဟာလည်း အခုလအတွင်း အကောင်အထည်ပေါ်မလာခဲ့ပါဘူး။

ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ဟာ ချန်လှပ်ခံထားရတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ နိုဝင်ဘာလ ၁၂ ရက်နေ့က အသီးသီးသဘောထားတွေ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရပ်စဲနေတာပါ။

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ခန့်မှန်းချက်အရ တိုက်ပွဲတွေ ရပ်စဲနေတာကိုအကြောင်းပြုလို့ သူတို့ရဲ့နေရပ်အသီးသီးကို ယာယီပြန်သွားကြတဲ့ဒုက္ခသည်ဟာ သုံးသောင်းကျော်ရှိပါတယ်။

မြောက်ဦးမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဒေသခံတွေဟာ တိုက်ပွဲတွေဖြစ်ရင် မတရားဖမ်းဆီးခံရမှာကို စိုးရိမ်နေကြတာလို့ ပြောပါတယ်။

"ဗမာ့တပ်မတော်ဘက်က စစ်လှုပ်ရှားမှုတစ်ရပ်ကိုလည်း ကျွန်တော်တို့တွေ့နေရတယ်ခင်ဗျ။ သုံးရက်လောက်တော့ရှိပြီ သူတို့အသွားအလာလုပ်တယ်။ ကားနဲ့လုပ်တယ်၊ ခြေကျင်လုပ်တယ်။ ဒီဇင်ဘာ ၃၀ နေ့နောက်ပိုင်းဆို ကျွန်တော်တို့ပြည်သူတွေက တိုက်ပွဲဖြစ်လာမယ်၊ ထွက်ပြေးရမယ်၊ အဖမ်းအဆီးခံရမယ်ဆိုပြီး ကြောက်လန့်ပြီးတော့ အာရှလမ်းနဲ့ နီးစပ်တဲ့ရွာတွေကလည်း တခြားဒုက္ခသည်စခန်းတွေဆီကို သွားနေကြတယ်ခင်ဗျ”

မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ဦးအောင်မြသိန်းက ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ ဒုက္ခသည်စခန်းကိုပြန်လာကြတာ အိမ်ထောင်စု ၃၆ စုနဲ့ လူဦးရေ ၁၈၃ ဦးရှိတယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကပင် ပြေးလာကြတယ်။ ပြေးလာတဲ့အိမ်ထောင်စုက သုံးဆယ့်ခြောက်စုပါ။ သူတို့က စခန်းထဲမှာ အရင်နေခဲ့တဲ့သူတွေပါ။ သူတို့က စပါးရိတ်သိမ်းဖို့ဆိုပြီးတော့ ကျွန်တော်တို့ကို အကြောင်းကြားပြီးတော့ ပြန်သွားကြတာ။ အခုတော့ နယ်မြေမလုံခြုံတော့ဘူးဆိုပြီး ပြန်ပြေးလာကြတာ”

မြောက်ဦးမြို့နယ် တင်းထိန်းကန်ကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းမှာ ဘူးရွက်မညှိုး၊ လက္ကာ၊ ပေါက်တောပြင်၊ အောက်သကန်၊ ဝေသာလီ စတဲ့ကျေးရွာတွေက အိမ်ထောင်စု ၂၇၉ နဲ့ လူဦးရေ ၁၀၂၃ ဦးခိုလှုံနေကြတာပါ။

အခုပြန်လာကြတဲ့သူတွေဟာ မူလအရေအတွက်ထဲက တိုက်ပွဲတွေရပ်နေလို့ နေရပ်ကိုယာယီ ပြန်သွားကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေဆီကို ပြန်ပြေးလာကြတဲ့ ဒုက္ခသည်အရေအတွက်ကို အသေးစိတ်မသိသေးပေမယ့် ခန့်မှန်းခြေအရတော့ ရှစ်ထောင်ခန့်ရှိနိုင်တယ်လို့ ရခိုင်စစ်ဘေးဒုက္ခသည်အရေအတွက်ကို စာရင်းပြုစုထုတ်ပြန်လေ့ရှိတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြောပါတယ်။

“ပြန်လာတဲ့အရေအတွက်ကိုတော့ ကျွန်တော်တို့လည်း အတိအကျမသိရသေးပါဘူး။ ဒါပေမဲ့ လောလောဆယ်တော့ ဒီသတင်းကို ကျွန်တော်တို့လည်းကြားသိရပါတယ်။ သူတို့ရဲ့လယ်ယာလုပ်ငန်းတွေ လောလောဆယ် ခဏတဖြုတ်တော့ပြီးပြီပေါ့နော် ဒီဟာ ကလည်း အကြောင်းတစ်ခုဖြစ်တယ်။ နောက်တစ်ခါကျတော့ တချို့နေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာနေတဲ့အပေါ်မှာ လည်းပဲ စိုးရိမ်စိတ်ရှိတယ်။ စခန်းထဲကနေ ယာယီပြန်သွားသူတွေက ခန့်မှန်းခြေ သုံးသောင်းကျော်လောက်ရှိခဲ့တယ်။ အဲဒီအထဲက အခုပြန်လာနေတာကတော့ ခုနစ်ထောင် ရှစ်ထောင်ရှိနိုင်တယ်လို့ သုံးသပ်ရပါတယ်”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ကို အပြီးမပြန်နိုင်သေးသရွေ့ လိုအပ်တဲ့စားနပ်ရိက္ခာတွေကို ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။

“သူတို့က ယာယီပြန်တယ်ဆိုတဲ့အခါမှာ သူတို့ရဲ့စခန်းတာဝန်ခံကို ဘယ်လိုပြန်တာလဲလို့ သူတို့ပြောခဲ့တဲ့အပေါ်မှာ မူတည်ပါလိမ့် မယ်။ အပြီးပြန်သွားရင်တော့ ရိက္ခာလျှော့ပေါ့တာတွေ ရှိကောင်းရှိမယ်။ ဒါပေမဲ့ ယာယီပြန်တယ်ဆိုခဲ့ရင်တော့ ရိက္ခာလျှော့ပေါ့ တာတွေ ရှိမှာမဟုတ်ဘူး။ နောက်တစ်ချက်က အပြီးပြန်ပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်မှာဆက်မနေနိုင်တော့လို့ ပြန်လာ ရတယ်ဆိုရင်လည်း စခန်းတာဝန်ခံကို ပြန်အကြောင်းကြားပြီးတော့ ထောက်ပံ့မှုတွေပြန်ရအောင် စာရင်းထပ်တင်ရမှာပေါ့”

ရခိုင်မြောက်ပိုင်းမှာ လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်မလားဆိုတဲ့ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးအဖွဲ့ကို RFA ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ တပ်မတော်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနေတဲ့ အချိန်၊ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းနေတဲ့အချိန်မှာတော့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာစေဖို့၊ တိုက်ပွဲတွေမရှိစေဖို့ အတွက်ကတော့ လိုအပ်တဲ့ ဆက်လက်ဆောင်ရွက်မှုတွေကတော့ ရှိနေမှာဖြစ်ကြောင်းနဲ့ တပ်မတော်ကတော့ အဓိကထားပြီး ဆွေးနွေး တာကတော့ နှစ်ဘက်တပ်များ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ အဲဒီကနေတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်ဖို့အတွက်ပဲ အဓိကထားပြီး ရည်ရွယ်ပြီးဆွေးနွေးနေကြောင်း RFA ကို ဒီဇင်ဘာ ၁၈ ရက်နေ့က ပြောထားပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ စာရင်းအရ နေရပ်မပြန်နိုင်ကြသေးတဲ့ ဒုက္ခသည် တစ်သိန်း ကိုးသောင်းကျော် ရှိနေပါတယ်။

အစိုးရရဲ့စာရင်းတွေအရတော့ ရခိုင်မြို့နယ်က မြို့နယ် ၁၁ မြို့နယ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု  ၂၂၇၇၁ စုနဲ့ စစ်ဘေးဒုက္ခသည်ဦးရေ ၈၇၄၆၇ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့