ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကို မတ်လ ၁၄ ရက် ဒီကနေ့မှာ အင်းစိန် ထောင်တွင်းတရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူက RFA ကိုပြောပါတယ်။
ထောင်ဒဏ် ၁၂ နှစ်အပြင် သူရဦးအောင်ကိုပိုင်ဆိုင်တဲ့ Ford ကားတစ်စီး၊ငွေကျပ် သိန်း ၁ဝဝ နဲ့ ရွှေထည်တချို့ကိုလည်း ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ သူရဦးအောင်ကိုဟာ ရန်ကုန်၊ အင်းစိန်ထောင်တွင်းမှာ ဆီးချိုရောဂါဝေဒနာ ခံစားနေရပြီး မိသားစုနဲ့ အဆက်အသွယ်မရဘူးလို့လည်း နီးစပ်သူက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန် မနက်အစောပိုင်းမှာ သူရဦးအောင်ကိုလည်း နေပြည်တော်က အစိုးရ အိမ်ရာမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
တစ်လကျော်လောက် နေအိမ်မှာ ဖမ်းဆီးထားပြီး အဲ့ဒီနောက်မှာ ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရတာပါ။
သူရဦးအောင်ကိုဟာ NLD အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ အဂတိလိုက်စားမှုတွေရှိခဲ့တယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုလေးမှုစွဲပြီး တစ်မှုကို ထောင်လေးနှစ်စီ ချလိုက်တာလို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD အစိုးရခန့် ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေကို စစ်ကောင်စီက အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေပါတယ်။