ကယားမှာ ဘာသာရေးအဆောက်အအုံကို တိုက်ခိုက်တာရပ်ဖို့ ဘုန်းတော်ကြီးတွေ တောင်းဆို

အေးအေးမွန် (နော်ဝေ)
2021-06-14
Share

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ပစ်ခတ်မှုကြောင့် ခရစ် ယာန်ဘာသာရေးအဆောက်အအုံ ရှစ်ခု ထိခိုက်ပျက်ဆီးခဲ့ပြီး၊ ဘုရားကျောင်းထဲမှာ ခိုလှုံနေတဲ့ အရပ်သား ငါးဦး သေဆုံခဲ့ပါတယ်။

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တွေမှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကစလို့ ဒီကနေ့ထိ ဖြစ်ပွားနေတဲ့ စစ်တပ်နဲ့ ဒေဿခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲတွေအတွင်း၊ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘာသာရေး အဆောက်အအုံ ရှစ်ခု ထိခိုက်ပျက်ဆီးခဲ့ပြီး၊ ဘုရားကျောင်းထဲမှာ ခိုလှုံ နေတဲ့ အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေ၊ ခရစ်ယာန် ဘုန်းတော်ကြီးတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

မေလ ၂၃ ရက်ကနေ ဇွန်လ ၆ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ပျက်စီးခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကတော့ ဖယ်ခုံမြို့က ယေဇူး ရွှေနှလုံးတော် ဘုရားကျောင်းနဲ့ ဂျေရောဗလို ဆုတောင်းပြည့် လုဒ်မယ်တော်လှိုင်ဂူ၊ မိုးဗြဲမြို့က ဘုရားသခင်ရဲ့ မယ်တော်ဘုရားကျောင်း၊ ဒီးမော့ဆိုမြို့က စိန့်ဂျိုးဇက် ဘုရားကျောင်း၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းနဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာက ငြိမ်းချမ်းခြင်းသခင်မ ကက်သလစ်ဘုရားကျောင်း၊ လွိုင်ကော်မြို့က စိန့်ပီတာ ဘုရားကျောင်း အပါအဝင် စုစုပေါင်း ခရစ်ယာန်ဘာသာရေး အဆောက်အအုံ ရှစ်ခု ဖြစ်ပါတယ်။

ဘုရားကျောင်းဆိုတာဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ် ဘာသာရေး အဆောက်အအုံဖြစ်တာ ကြောင့် နှစ်ဖက်လက်နက်ကိုင်တွေအနေနဲ့ ပစ်မှတ်မထားစေချင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီးမော့ဆိုမြို့နယ်က ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားပါတယ်။

"ထိတာတော့ အဆောက်အအုံပေါ့နော်၊ လူတွေရဲ့စိတ်ထဲမှာတော့ သွားပြီးအနာတရ ရစေတာပေါ့၊ ငါတို့ကို သက်သက်ပစ်မှတ်ထားပြီ ဒါမျိုးလုပ်နေသလားပေါ့ စသဖြင့် ဒွိဟလေးတွေ ဖြစ်စေတာပေါ့၊ အဲတော့နောက် ပိုင်းမှာဆိုရင် အခုလိုမျိုး တိုက်ခိုက်တာတွေ မလုပ်ဖို့ မေတ္တာရပ်ခံချင်တာပေါ့"

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံမြို့က စစ်ပွဲတွေအတွင်း၊ ဒေသခံပြည်သူတွေဟာ ဘေးကင်းရာနေရာတွေအဖြစ် ဘုရားကျောင်းတွေမှာ ခိုလှုံလေ့ရှိပေမယ့် စစ်ကောင်စီတပ်တွေက အဲဒီဘုရား ကျောင်းတွေကို ဝင်ရောက်စစ်ဆေးတာ၊ ပစ်မှတ်ထား တိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ ပိုမိုထိခိုက် ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

"ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်ခတ်တိုက်ခိုက်တာ စစ်ပွဲဆိုင်ရာဥပေဒေတွေကို ချိုးဖောက်တာဖြစ်ပါတယ်"

ကယားပြည်နယ်အတွင်းက ခရစ်ယာန်ဘုရားကျောင်းတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ နေ့စဉ်သတင်းစာတွေ၊ မြဝတီနဲ့ MRTV ရုပ်သံသတင်းတွေမှာ ထုတ်လွှင့်ကြေညာတာကိုလည်း မတွေ့ရပါဘူး။

ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြချက်အရ၊ ကယားပြည်နယ်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မြို့ပေါ် တိုက်ပွဲဆင်နွှဲနေပြီး၊ လူနေအိမ်နဲ့ အဆောက်အအုံတွေကို အကာအကွယ်ယူကာ စစ်ကောင်စီတပ် တွေကို ပျောက်ကျားစနစ်နဲ့ ခုခံတိုက်ခိုက်နေတာ တွေ့ရပါတယ်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံ တစ်ဦးကတော့ သူတို့တပ်ဖွဲ့တွေအနေနဲ့ ဒုက္ခသည် တွေ ခိုလှုံနေတဲ့ ဘုရားကျောင်းတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်တာမျိုး မလုပ်ဘူးလို့ RFA ကို ပြော ပါတယ်။

"ထိုးစစ်ဆင်တာက သူတို့ ခံစစ်နဲ့ပြန်တိုက်ခိုက်နေရတာကတော့ ကျွန်တော်တို့ KNDF (ကရင်နီအမျိုးသား ကာကွယ်ရေးတပ်) ပေါ့လေ၊ ဘုရားကျောင်းကို ခုတုံးလုပ်ပြီး တပ်တွေဘာတွေ စွဲထားတယ်ဆိုတာမျိုး ကစပြီး ဆန္ဒပြကတည်းက ကျောင်းအတွင်းပဲဖြစ်ဖြစ် ခုတုံးလုပ်ပြီး ဆန္ဒပြခဲ့တာ မရှိဘူး၊ အထူးသဖြင့် စစ်ရေးပြင်းထန်တဲ့ အခုလိုကာလမှာ ပိုပြီးတော့ ရှောင်ရှားပြီး လုပ်လေ့ရှိတယ်၊ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ကိုယ်တိုင်က ဒီဘာသာတရားကို လေးနက်စွာ သက်ဝင်ယုံကြည်နေလို့ဖြစ်တယ်"

ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်တွေဘက်က ရှောင်ရှားပေမယ့် စစ်ကောင်စီဘက်ကတော့ ရည်ရွယ်ချက် ရှိရှိနဲ့ ဘုရားကျောင်းတွေနဲ့ လူနေအိမ်တွေကို ပစ်ခတ်နေတာလို့ သူက ဆိုပါတယ်။

၂၁၀၄ ခုနှစ် သန်းခေါင်စာရင်းအရ ကယားပြည်နယ်မှာ လူဦးရေ သုံးသိန်းနီးပါးရှိပြီး၊ ဗုဒ္ဓဘာသာပြီးရင် ခရစ် ယာန်ဘာသာဝင်အများစု နေထိုင်ပါတယ်။

အဲဒီထဲမှာမှ ကက်သလစ် ခရစ်ယာန်ဘာသာကို ယုံကြည်ကြသူတွေက ပိုများတယ်လို့ ဒေသခံတွေက ဆိုပါ တယ်။ ကက်သလစ်ကျောင်းတွေထဲမှာ လူ ၄၀၀ အထက် ဆန့်တဲ့ကျောင်းက ၅၈ ကျောင်းနဲ့ လူ ၄၀၀ အောက် ဆန့်တဲ့ ကျောင်းက ၁၃၆ ကျောင်း၊ စုစုပေါင်း ၁၉၄ ကျောင်းရှိတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားပါတယ်။

kayah-church.jpg
(စစ်ကောင်စီတပ်ကြောင့် ပျက်စီးသွားတဲ့ ဒေါငံခါးဘုရားကျောင်းနဲ့ နေအိမ်ကို တွေ့ရစဥ်) Photo CJ

ဒီလိုဘုရားကျောင်းတွေဖြစ်လာဖို့ ဘိုးဘွားတွေ လက်ထက်ကတည်းက ခေတ်အဆက်ဆက် ဝိုင်းဝန်းကြိုးစား ခဲ့ရတာကြောင့် မိမိနေအိမ် ပျက်စီးတာထက်၊ ဘုရားကျောင်းတွေ ဖျက်ဆီးခံရတာကို ပိုပြီးဝမ်းနည်းရတယ်လို့ ကယားပြည်နယ်က ကက်သလစ်ဘာသာ ယုံကြည်သူ မူနန်း က RFA ကို ပြောပါတယ်။

"ငါတို့အိမ်ထိသွားရင်တောင် ကောင်းဦးမယ်ပေါ့၊ အခုတော့ ဘုရားကျောင်းကိုထိတော့ စိတ်ဓာတ်ထိခိုက်တဲ့ သူတွေရှိတယ်၊ တော်တော်များများက အဖိုးကြီး၊ အဘွားကြီးတွေ ပိုများတယ်၊ သူတို့က ငယ်ငယ်ကတည်း က ဘုရားကျောင်းတွေနဲ့ ထိတွေ့ပြီး အထွဋ်အမြတ်ထားလာတဲ့ နေရာဆိုတော့လေ၊ သူတို့က အများကြီး ကြိုးစားခဲ့တာပေါ့၊ တချို့က ဒီဘုရားကျောင်းဖြစ်တာဖို့အတွက် သဲတွေဘာတွေ ထမ်းရတယ်၊ အုတ်တွေ ဘာတွေ သယ်ရတယ်၊ အဲလိုမျိုး ပုံရိပ်တွေက သူတို့ မျက်လုံးထဲမှာ မထွက်တော့ဘူးပေါ့နော် ရှိနေသေး တယ်၊ အဲလိုမျိုး ကြိုးစားပြီးတော့ ဖြစ်လာတဲ့ ဘုရားကျောင်းတစ်ကျောင်းက အခုလို လက်နက်ကြီးတွေနဲ့ အပစ်ခံရတာဆိုတော့ စိတ်ပိုပြီးတော့ ပင်ပန်းရတာပေါ့"

ဘာသာရေး အဆောက်အအုံတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ရပ်တန့်ဖို့နဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေသိအောင် ကြိုးစားနေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

"အခုလို ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်ခတ်တာ၊ တိုက်ခိုက်တာက စစ်ပွဲဆိုင်ရာ ဥပေဒေ တွေကို ချိုးဖောက်တာဖြစ်ပါတယ်၊ ဒုက္ခရောက်လို့ ပုန်းရှောင်တဲ့ ပြည်သူတွေ အမြဲတမ်းခိုအောင်းလေ့ ရှိပါတယ်၊ ပုန်းအောင်းပြီးတော့ တိမ်းရှောင်ရတဲ့သူတွေကို ပစ်ခတ်ခြင်းကတော့ နောက်ထပ်ဆိုးဝါးတဲ့အရာ မျိုးဖြစ်ပါတယ်၊ ကျွန်တော်တို့ NUG အနေနဲ့ကတော့ ပထမဆုံးကတော့ ဒီလိုဟာမျိုးတွေကို ပြင်းထန် စွာရှုတ်ချဖို့တော့ ပထမဦးဆုံးအနေနဲ့ လုပ်ပါတယ်၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီလိုကိစ္စတွေကို ရပ်တန့်ဖို့ အတွက်၊ ကာကွယ်ပေးဖို့အတွက် တောင်းဆိုမှုတွေ ကျွန်တော်တို့ လုပ်နေတယ်၊ တစ်ချိန်တည်းမှာပဲ ဒါမျိုး ကျူးလွန်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ပြီးတော့ တစ်ချိန်ချိန်မှာ ဒါမျိုးကိစ္စတွေကို ကျူးလွန်တဲ့သူ တွေကို အမှန်တရာအတွက် လုပ်ဆောင်နိုင်တဲ့ကိစ္စမျိုး တရားဥပဒေစိုးမိုးမှုအတွက် ကိစ္စတွေမှာ အသုံးပြု ပြီးတော့မှ အပြစ်ရှိသူတွေကို အရေးယူနိုင်ဖို့အတွက် ကျွန်တော်တို့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"

ဘာသာရေး အဆောက်အအုံတွေဆိုတာ လူမျိုးတိုင်းရဲ့ တန်ဖိုးထားယုံကြည်ရာ အဆောက်အအုံတွေဖြစ်တာ ကြောင့် တိုက်ခိုက်ခံရတဲ့အခါ လူသားတွေရဲ့ နှလုံးသားကို ပိုပြီးနာကျင်စေတယ်၊ ဒီလိုပစ်မှတ်ထား တိုက်ခိုက် မှုတွေကြောင့် နောက်ပိုင်းမှာ တဘက်နဲ့တဘက် ယုံကြည်မှုတည်ဆောက်ရေး ကြိုးပမ်းတဲ့အခါ ပိုမိုခက်ခဲစေမှာ ဖစ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ဖြည့်စွက်ပြောကြားသွားပါတယ်။

ကယားပြည်နယ်မှာ မေလ ၂၀ ရက်နေ့နောက်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ အဲဒီထဲမှာ လူဦးရေ လေးသောင်းကျော်က ခရစ်ယာန်ဘာသာရေးအဆောက်အအုံ ၂၃ ခုမှာ ခိုလှုံနေကြရပါတယ်။

ဇွန်လ ၆ ရက်နေ့က ဒီးမော့ဆို-ဒေါငံခါး-မိုးဗြဲ လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေက စစ်အင်အား ထပ်မံတိုးချဲ့လာတဲ့အတွက် အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်း ငါးခုလောက်မှာ ခိုလှုံ နေသူတွေ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့