ရိုက်တာအမှု CID ရဲမှူးကို ဆက်လက်စစ်ဆေး


2018.06.04
aungkyawsan-police-622.jpg မြန်မာနိုင်ငံ မှုခင်းနှင့် သတင်းရဲတပ်ဖွဲ့ CID က ရဲမှူး အောင်ကျော်ဆန်းကို ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ရိုက်တာသတင်းထောက် ၂ ဦးအမှုနဲ့ပတ်သက်ပြီး မနေ့က မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ဆက်လက် စစ်ဆေးခဲ့ရာမှာ သတင်းထောက်တွေအတွက် အပြစ်မရှိကြောင်း အထောက်အကူဖြစ်စေမယ့် အချက်အလက်တွေ ကို ရဲတပ်ဖွဲ့က ထိန်ချန်ထားခဲ့တယ်လို့ ရိုက်တာသတင်းကဖေါ်ပြပါတယ်။

မနေ့က တရားလိုသက်သေအဖြစ် မူခင်းရဲတပ်ဖွဲ့ဲ CID ရဲမှူး အောင်ကျော်ဆန်းကို ၅ ကြိမ်မြောက် စစ်ဆေးခဲ့ရာမှာ၊ သက်သေအဖြစ်ယူလာတဲ့ ရိုက်တာသတင်းထောက်တွေရဲ့ လက်ကိုင်ဖုန်းတွေထဲက အချက်အလက်တွေကို တင်ပြတဲ့အခါ၊ သတင်းထောက်တွေအပေါ် အမှန်တရားနဲ့ တရားမျှတမှုကို သက်သေပြနိုင်တဲ့ အချက်အလက်တွေ မပါဝင်ဘဲဖြစ်နေတယ်လို့ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေတွေကပြောပါတယ်။

မနေ့က တရားခွင့်နဲပတ်သက်ပြီး ရှေ့နေ ဦးသန်းဇော်အောင် က အခုလိုပြောပါတယ်။

"သူတို့ကိုယ်တိုင်က လက်ကိုင်ဖုန်းတွေကို ရုံးအရှေ့မှာ ဖွင့်ပြချင်တဲ့သဘောမရှိဘူးလို့ ယူဆရတယ်"

သတင်းထောက်နှစ်ဦးရဲ့ လက်ကိုင်ဖုန်းတွေထဲက ကျန်ရှိနေသေးတဲ့အခကိအလက်တွေကို တင်ပြပေး ဖို့ တောင်းဆိုခဲ့ပေမဲ့ တရားသူကြီး ဦးရဲလွင် က လက်မခံ ပယ်ချခဲ့တယ်လို့ ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။ ဖုန်းတွေထဲက အချက်အလက်ဖိုင်တွေကို နည်းပညာကျွမ်းကျင်သူ ရဲဝန်ထမ်းတဦးက ဘယ်လို ဘယ်ပုံ စနစ်တကျ ထုတ်ယူခဲ့တယ်ဆိုတာ ရုံးတော်မှာ သရုပ်ပြခဲ့ပြီးဖြစ်တာကြောင့် နောက်ထပ်အသေးစိတ် မလိုအပ်တော့ကြောင်း ပြောဆိုပြိး၊ တရားပြိုင်ရှေ့နေတွေရဲ့တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ ကိုဝလုံးရဲ့ ဖေ့ဘွတ်မက်ဆင်ဂျာထဲက ပုပ်ရဟန်းမင်းကြီးသွားမယ့်လမ်းကြောင်းနဲ့ ပတ်သက်တဲ့ စာရွက် စာတမ်းဟာ ဗာတီကန်က တရားဝင်ထုတ်ပြန်ထားတဲ့စာရွက်ဖြစ်ကြောင်း ရုံးတော်မှာ သက်သေတင်သွင်းနိုင် ခဲ့တယ်လို့ ရှေ့နေ ဦးသန်းဇော်အောင် ကပြောပါတယ်။

ရိုက်တာသတင်းဌာနက သတင်းထောက်၂ဦးဖြစ်တဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးထားတာဖြစ်ပြီး မနေ့က ရုံးထုတ်စစ်ဆေးတာဟာ ၂၃ကြိမ်မြောက် ဖြစ် ပါတယ်။

မူခင်းရဲတပ်ဖွဲ့ဲ CID က ရဲမှူး အောင်ကျော်ဆန်း ကို ဒီနေ့ ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို ဖမ်းဆီးထားတာ ရက်ပေါင်း ၁၆၀ကျော်နေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။