ဆန်ကို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချမယ်လို့ ဆန်စပါးအသင်းချုပ် ထုတ်ပြန်

RFA Burmese
2024.06.24
ဆန်ကို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချမယ်လို့ ဆန်စပါးအသင်းချုပ် ထုတ်ပြန် ရန်ကုန်မြို့ မှ ဆန်ပွဲရုံတစ်ရုံအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းလို့ဆိုပြီး ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေ အပါအဝင် ဆန်ကုန်သည်တချို့ ခေါ်ယူစစ်ဆေးခံရပြီးနောက် ရန်ကုန်တိုင်းအတွင်းက ပြည်သူတွေအတွက် သက်သာတဲ့ဈေးနှုန်းတွေနဲ့ ဆန်ရောင်းချပေးမယ့်အကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဆန်စပါးအသင်းချုပ်ရဲ့ အစီအစဉ်နဲ့ ဝါးတန်းကုန်စည်ဒိုင်နဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်တွေမှာ ဇွန်လ ၂၄ ရက်နေ့ကစတင်ပြီး မနက် ၉ နာရီခွဲကနေ ညနေ ၃ နာရီခခွဲအထိ ဧည့်မထဆန် တစ်ပြည်ကို သုံးထောင်ကျပ်၊ ပေါ်ဆန်းဆန် တစ်ပြည်ကို ငါးထောင်ကျပ်နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

ဆန်အိတ်လိုက် ဝယ်ယူလိုသူတွေအနေနဲ့ တစ်လကို အိမ်ထောင်စု တစ်စုစာအတွက် ပေါ်ဆန်းအမျိုးအစား ဆန်တစ်အိတ်နဲ့ ဧည့်မထအမျိုးအစား ဆန်တစ်အိတ်စီကို အိမ်ထောင်စုစာရင်းမိတ္တူနဲ့ အိမ်ထောင်စုစာရင်းမှာ ပါဝင်သူတစ်ဦးဦးက လာရောက်ဝယ်ယူရမယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။

ဒီလို လာရောက်ဝယ်ယူတဲ့အခါ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၁၃၅၀၀၀ ကျပ် ကနေ ၁၄၅၀၀၀ကျပ်၊ ဧရာ၀တီပေါ်ဆန်းတစ်အိတ်ကို ၁၁၀၀၀၀ ကျပ်ကနေ ၁၂၀၀၀၀ ကျပ်နဲ့ ရောင်းချပေးမှာဖြစ်သလို ဧည့်မထဆန်တစ်အိတ်ကိုတော့ ၇၂၀၀၀ ကျပ်ကနေ ၇၅၀၀၀ကျပ် ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ ဆိုပါတယ်။

ပြင်ပဈေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ်တစ်သိန်းရှစ်သောင်းနီးပါးနဲ့ ဧည့်မထအမျိုးအစားလို ဆန်ကြမ်းတစ်အိတ်ကို ကျပ်တစ်သိန်းဝန်းကျင်အထိ ဈေးပေါက်နေတာပါ။

ဒီလို စျေးလျော့ရောင်းချတာဟာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေ အပါအဝင် နိုင်ငံတဝန်းက ဆန်ကုန်သည်တွေကို ဖမ်းဆီးစစ်ဆေးနေတာနဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်လိုက်တာကြောင့်လို့ ရန်ကုန်မြို့က ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

“ဆန်းစပါးအသင်းချုပ်က လူတွေကို ခေါ်ထိန်းထားတယ်။ မြောင်းမြမှာဆိုလည်း တကယ့်နာမည်ကြီးတဲ့ ဆန်စက်ကြီးတွေ မနောသုခတို့၊ မြသီတာတို့ ပဒေသာတို့ ဆရာကြီးတွေ အကုန်ဆွဲပြီး ချိတ်တွေပိတ်ပေါ့။ ဘုရင့်နောင်ထဲမှာလည်း သုံးရုံလောက်ရှိတယ် ပိတ်ပြီ။ စျေးကွက်တွေက အရမ်းလွန်အားကြီးသွားတဲ့အခါကျတော့ တို့အမြင်ကလည်း လုပ်စားလို့မရတဲ့ စျေးကွက်တွေ ဖြစ်လာပြီ။ ဆန်စပါး စျေးကွက်က။ ဒီဟာကို ထိန်းလိုက်တာ ကောင်းပါတယ်”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ ဝါးတန်းကုန်စည်ဒိုင်ကို RFA က ဒီနေ့မနက်ပိုင်းမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် ပြည်တွင်းရွှေဈေးနဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ငွေလဲဈေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်နေပြီး ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ပြည်တွင်းဈေးကွက်ထဲမှာ အခြေခံစားကုန်တွေ အပါအဝင် အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။