အိန္ဒိယ - မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ချင်းပြည်နယ် ရိခေါဒါရ်မြို့မှာ ဒေသခံ ချင်းပြည်သူ့ ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ကြား ပြီးခဲ့တဲ့ မတ်လ ၁၂ နဲ့ ၁၃ ရက်နေ့တွေမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
ဒီတိုက်ပွဲကြောင့် ဒေသခံ တစ်ထောင်နီးပါး ဘေးလွတ်ရာတွေကို ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
လူဦးရေ ငါးထောင်ကျော်ပဲရှိတဲ့ ရိခေါဒါရ်မြို့မှာ အခုတလော တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ တာကြောင့် မတ်လ ၁၄ ရက် ဒီကနေ့ အထိဆိုရင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒေသခံ ၄၀၀၀ ကျော် ရှိလာနေပြီလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒေသခံတချို့ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးကြသလို တချို့ကတော့ နယ်စပ်က တောတွေ၊ တောင်တွေထဲမှာ ပုန်းရှောင်နေကြရတာလို့ ဆိုပါတယ်။
လက်ရှိ ရိခေါဒါရ်မြို့ပေါ်မှာ လူသွားလူလာမရှိတော့သလို တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုရွာမှာ ဘယ်သူမှ မရှိတော့ဘူး။ ၉ဝ ရာခိုင်နှုန်းလောက် ထွက်ပြေးကုန်ကြပြီ။ ရိခေါဒါရ်မှာက အိမ်စောင့်ဖို့ နေတဲ့သူတွေပဲ ရှိတော့တယ်။ ပိုက်ဆံရှိတဲ့သူတွေက မီဇိုရမ် ဇိုခေါထားမှာ အိမ်တွေ၊ မြေကွက်တွေ ဝယ်ကြတယ်။ မဝယ်နိုင်တဲ့သူတွေကတော့ နယ်စပ်တောထဲမှပဲ မိုးကာတဲနဲ့ နေတယ်”
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကစလို့ ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား အဲဒီဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ မတ်လ ၁ ရက်နေ့ နောက်ဆုံးထုတ် စာရင်း အရ စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေဟာ ၅ဝ၃,ဝဝဝ အထိ ရှိလာနေပြီဖြစ်ပါတယ်။