"အောင်ရတနာ" အဝေးပြေးကား ဓါးပြတိုက်ခံရာမှ ပစ်ခတ်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်နဲ့ မွန်ပြည်နယ် အစပ်က မလွှဲတောင်အနီးမှာ ဗုဒ္ဓဟူးနေ့ညနေ ၆ နာရီလောက်က ထားဝယ်ကနေ ရန်ကုန်ကိုသွားတဲ့ "အောင်ရတနာ" အဝေးပြေးကားကို လက်နက်ကိုင် လူတစ်စုကတားဆီးပြီး ခရီးသည်တွေထံက ငွေကြေးနဲ့ ပစ္စည်းတွေကို ဓါးပြတိုက် သွားပြီး၊ ပစ်ခတ်မှုလည်း ဖြစ် ပွားခဲ့ပါတယ်။

ဓါးပြတိုက်နေစဉ်အတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေးယူ ထားတဲ့ ကရင်လက်နက်ကိုင် KNLA တပ်ဖွဲ့က ကား တစ်င်္စီး ရောက်ရှိလာရာမှာ ဓါးပြတွေက ပစ်ခတ်ခဲ့တဲ့ အတွက် ဗိုလ်အဆင့်ရှိသူတစ်ယောက်နဲ့ တပ်သား တစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

"အောင်ရတနာ"အဝေးပြေးကားမှာ စီးနင်းလိုက်ပါခဲ့ သူ နော်ဂျီးမာက ခရီးသည်တွေကိုတော့ ဓါးပြတွေ က ရန်ပြုနှိပ်စက်ခဲ့ခြင်းမရှိပါဘူးလို့ ပြောပါတယ်။

"ကျမ အောင်ရတနာ ကားနဲ့ပဲပါလာတယ်၊ လမ်းမှာသူတို့ ပိုက်ဆံတောင်းတယ်၊ ပိုက်ဆံတောင်းပြီးတော့ အခြားဘယ်အဖွဲ့ကိုလည်းတော့မသိဘူး နည်းနည်းတော့ပစ်လိုက်တယ်၊ ဘာကိုပစ်လိုက်လည်းတော့ မသိလိုက်ဘူးပေါ့နော်၊ ပြီးတော့ ခနနေကျတော့ ပိုက်ဆံတွေသူတို့ယူပြီးတော့ အားလုံးကိုထပ်စစ်မယ် လို့ပြောတယ်၊ ဒါပေမဲ့ မစစ်ဖြစ်တော့ဘူး၊ သူတို့နိုင်ငံရေးအခြေအနေ မကောင်းလားတော့ မပြောတက် ဘူး၊ ကားပေါ်ပြန်တက်ခိုင်းပြီးတော့ ကားကိုပြန်မောင်းခိုင်းတယ်၊ အဲ့ဒါနဲ့ မောင်းပြီးတော့ အဲ့ဒီရှေ့မှာ စခန်းရှိတယ်၊ အဲ့ဒီနားမှာပဲရပ်နေကြတယ်၊ လူတွေက တစ်ယောက်မှ ဘာမှဖြစ်ဘူး"

အဲ့ဒီအချိန်က ကားပေါ်မှာခရီးသည် ၄ဝ ခန့်ရှိပြီး သူတို့ပိုင်ငွေကြေး၊ လက်ပတ်နာရီနဲ့ လက်ကိုင်ဖုန်းတွေကို လက်နက်ကိုင်ဓါးပြတွေက လုယူသွားခဲ့ရာမှာ စုစုပေါင်း သိန်း ၃ဝ ဝန်းကျင်ရှိမယ်လို့လည်း ပြောပါတယ်။

KNLA တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အလောင်းတွေကို ရေးမြို့နယ်ဆေးရုံကနေ KNU က ပြန်လည်သယ်ဆောင် သွားတယ်လို့ သိရပါတယ်။

ထားဝယ်ကနေ ညနေ ၂ နာရီမှာထွက်ခွါခဲ့တဲ့ "အောင်ရတနာ" အဝေးပြေးကားဟာ ဓါးပြတိုက်ခံရပြီးတဲ့နောက် ရန်ကုန်မြို့ကို မနေ့မနက်ပိုင်းက ရောက်ရှိလာခဲ့ပါတယ်။