ရေးမြို့နယ်မှာ လှေစီး ရိုဟင်ဂျာ ၈၀ ခန့် ဖမ်းဆီးခံရ

မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်းရဲ့ အနောက်တောင်ဘက် ပင်လယ်ပြင်မှာ မတ်လ ၁၉ ရက်နေ့ မနက်က ရိုဟင်ဂျာ ရှစ်ဆယ်ခန့်ကို စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ပင်လယ်ပြင်အတွင်း ဇွဲခေတ်ဆန်း အမည်နဲ့ စက်လှေကို စစ်ကောင်စီရေတပ်က တားဆီးစစ်ဆေးရာက အခုလို ဖမ်းဆီးမိတာဖြစ်ပြီး အသေးစိတ်အချက်အလက်နဲ့ ဘယ်ကလာတယ်၊ ဘယ်ကိုသွားမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ RFA က ဒီနေ့ မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဒေါက်တာ အောင်မြတ်ကျော်စိန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ရိုဟင်ဂျာတွေ ဖမ်းဆီးခံရတာမှန်ကန်တယ်လို့ အတည်ပြုပါတယ်။

“ဦးရေခန့်မှန်းတော့ ရှစ်ဆယ်ခန့်ရှိပါတယ်။ ကျား၊ မတော့ ကျွန်တော်တို့ အတိအကျတော့ မသိသေးဘူးပေါ့နော်”

လုပ်ငန်းစဉ်တွေများပေမယ့် ဖမ်းဆီးမိထားတဲ့ ရိုဟင်ဂျာတွေကို ကောင်းမွန်စွာထိန်းသိမ်းထားပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောက်ရွက်သွားမယ်လို့ ဆိုပါတယ်။

အခုနှစ် ဇန်နဝါရီလကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝါခရုရွာ ရော်ဘာခြံထဲက ရိုဟင်ဂျာ ၁၁၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ စွန့်စားထွက်ခွာရင်း သေဆုံး၊ ပျောက်ဆုံးရတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၅၆၉ ဦး ရှိတယ်လို့ ဇန်နဝါရီလ ၂၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။