BROUK အဖွဲ့ ဥက္ကဋ္ဌက ရိုဟင်ဂျာတွေရဲ့ အခြေအနေ ဗြိတိသျှပါလီမန်မှာ တင်ပြ

ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် BROUK ခေါ် Burmese Rohingya Orgnization အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ဟာ မနေ့က ဗြိတိသျှ ပါလီမန် အစည်းအဝေးတစ်ရပ်မှာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို တင်ပြခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2012.06.27

အဲသလိုတင်ပြခဲ့ရာမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေဟာ အစိုးရအဖွဲ့တွင်းက မြန်မာပြည်အပြောင်းအလဲကို မလိုလားတဲ့ သဘောထားတင်းမာသူတွေနဲ့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP) တို့ရဲ့ သေသေချာချာ ပြင်ဆင်စီမံခဲ့တဲ့ လုပ်ရပ်တွေဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရန်ကုန်နဲ့ ရခိုင်ပြည်နယ်မှာ RNDP က ကမကထပြု ဆောင်ရွက်ခဲ့တဲ့ အစည်းအဝေးပွဲတွေ အပါအဝင် ရိုဟင်ဂျာ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တိုးတက် များပြားလာခဲ့ကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် ဦးထွန်းခင်က - ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာ အနည်းဆုံး (၆၅၀) သေဆုံးခဲ့ပြီး၊ အနည်းဆုံး (၁၂၀၀) လောက် ပျောက်ဆုံးနေကြောင်း၊ ရွာ (၂၂) ရွာနဲ့ ဗလီ (၁၄) ခု မီးရှိူ့ ဖျက်ဆီးခံခဲ့ရပြီး ရိုဟင်ဂျာ ရှစ်ထောင်ကျော် နေရာပြောင်းရွှေ့ ခံရကြောင်း၊ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာလှေ အနည်းဆုံး (၁၆) စင်းကို ဘင်္ဂလားဒေ့ရှ်က လက်မခံဘဲ ပြန်နှင်ထုတ်ခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရ ကာဖျူးအမိန့်ဟာ ရိုဟင်ဂျာတွေ အပေါ်မှာသာ သက်ရောက်နေကြောင်း ဗြိတိသျှ ပါလီမန် အမတ်တွေကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အခုအခါ အဓိကရုဏ်းတွေ မရှိတော့ပေမဲ့ တချို့နေရာတွေမှာ ရိုဟင်ဂျာအိမ်တွေ မီးရှို့ခံနေရဆဲမို့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာသူတွေ ထားရှိဖို့ လိုအပ်နေကြောင်း၊ လုယက်မှုတွေ၊ အဓမ္မ ပြုကျင့်ခံရမှုတွေ ရှိနေသေးကြောင်း၊ ဒါကြောင့် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ဗြိတိသျှအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရအပေါ် ထိထိရောက်ရောက် ဖိအားပေးဖို့ တိုက်တွန်းလိုကြောင်း Burmese Rohingya Orgnization uk အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောဆိုခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိတယ်။

အဲဒီအစည်းအဝေးမှာ ကမ္ဘာ့ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့ အရှေ့အာရှအဖွဲ့ခေါင်းဆောင် Benedict Rogers နဲ့ Arakan Project ညှိနှိုင်းရေးမှူး Chris Lewa တို့က ဦးထွန်းခင်နဲ့အတူ သက်သေခံ ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။