ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်

ရိုဟင်ဂျာဒုက္ခသည်တွေနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းမှာ အင်္ဂါနေ့က မီးလောင်လို့ ခြောက်နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးပြီး လူ၂ဝဝဝ လောက် အိုးအိမ်မဲ့ ဖြစ်သွားတယ်လို့ ဘင်္ဂလားဒေ့ရှ်အရာရှိတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း မီးတစ်ကြိမ်လောင်ခဲ့လို့ ဒုက္ခသည်တွေရဲ့ နေအိမ် ၁၂ဝဝ ပျက်စီးခဲ့ရပြီး လူ ၅ဝဝဝ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါသေးတယ်။ ဇန်နဝါရီလနဲ့ အခု မတ်လ အကြား ဒုက္ခသည်စခန်းမှာ မီးလောင်မှုဖြစ်တာ ငါးကြိမ်ရှိပါပြီ။

မီးဘေးသင့်ဒုက္ခသည်တွေထဲက တချို့ဟာ ဆွေမျိုးတွေရဲ့ အိမ်တွေမှာနေကြပြီး တချို့ ကိုတော့ တခြားဒုက္ခသည်စခန်းတွေကို ပို့ထားတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ် စောင့်ရှောက်ရေး Save the Children အဖွဲ့ကပြောပါတယ်။

ဒုက္ခသည်တွေ နေထိုင်တဲ့ တဲတွေဟာ တာပေါ်လင်စနဲ့ဝါး ပေါင်းစပ်ပြီး ဆောက်လုပ်ထားတဲ့ ရွက်ဖျင်တဲတွေ ဖြစ်တာကြောင့် မီးလောင်ဖို့ အလွန်လွယ်ကူပါတယ်။

အင်္ဂါနေ့က မီးလောင်ကျွမ်းခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ အရေးပေါ် ကူညီရေးလုပ်သားတွေရောက်လာပြီး နာရီအတော်ကြာမှာ မီးငြိမ်းသွားပြီး အိမ် ၃ဝဝ ကျော် မီးလောင်သွားတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။