မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း တုံ့ပြန်ရေးအစီအစဉ်ကို ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံက နောက်ထပ် ဒေါ်လာ ၁၅၂ သန်းကျော် ထည့်ဝင်မယ်လို့ မတ်လ ၂၉ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ Ned Price က ထုတ်ဖော်ပြောဆိုပါတယ်။
အခု ထောက်ပံ့ငွေနဲ့ဆိုရင် အမေရိကန်နိုင်ငံက ၂၀၁၇ သြဂုတ်လ နောက်ပိုင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းအတွက် ဒေါ်လာ ၁.၇ ဘီလီယံ ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။
ဒီထောက်ပံ့ငွေကြောင့် ဒုက္ခသည်တွေကို လက်ခံထားတဲ့ စိတ်စေတနာ ထက်သန်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း အထောက်အပံ့ ကူညီမှုဖြစ်စေသလို၊ ရိုဟင်ဂျာ ပြဿနာနဲ့အတူ အကြမ်းဖက်မှုတွေ တိုးပွားလာနေတဲ့ မြန်မာနိုင်ငံက ပြည်တွင်းအခြေ အနေတွေကိုလည်း အပြည်ပြည်ဆိုင်ရာက အာရုံပိုစိုက်ပြီး ပိုမိုဆောင်ရွက်လာမှာဖြစ် တယ်လို့ ပြောပါတယ်။
အခုထောက်ပံ့ငွေတွေထဲက ဒေါ်လာ ၅၁ သန်းဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူဦးရေနဲ့ ဒုက္ခသည် ရွှေ့ပြောင်းရေး ဗျူရို (PRM) ကဖြစ်ပြီး ဒေါ်လာ ၁၀၁ သန်းကတော့ အမေရိကန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် USAID က ဖြစ်ပါတယ်။ ဒီထောက်ပံ့ငွေတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေနဲ့ သူတို့အတွက် ဆောင်ရွက် တဲ့ အစီအစဉ်တွေအတွက်သာ မကဘဲ ဒုက္ခသည်တွေကို လက်ခံထားရှိတဲ့ ဌာနေ ဘင်္ဂလား ဒေ့ရှ် ပြည်သူတွေအတွက်ပါ အသုံးပြုမှာ ဖြစ်ပါတယ်။