ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေထဲက ပြန်လည်ဝင်ရောက်လာတဲ့သူ ၂ဝဝ နီးပါးရှိပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမမှာ ဒီနေ့ ကျင်းပတဲ့ အစိုးရ သုံးနှစ်တာကာလ ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ တာဖြစ်ပါတယ်။
ပြန်လည်ဝင်ရောက်လာသူတွေဟာ နှစ်နိုင်ငံ အစိုးရသဘောတူညီထားတဲ့ တရားဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတာမဟုတ်ဘဲ သူတို့အစီအစဉ်နဲ့ သူတို့ ပြန်လည်ဝင်ရောက်လာတာဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အဲဒီသူတွေကို ပြန်လည်စိစစ်ပြီး ARSA အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်မှုမရှိကြောင်းနဲ့ အစိုးရသတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေကို မူလနေရပ်တွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ အစိုးရက ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့ အဲဒီအချက်ကို အာဆီယံအဖွဲ့အနေနဲ့လည်း ထောက်ခံချက်ပေး ထားတယ်လို့လည်း ပြောပါတယ်။
၂ဝ၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရဲစခန်းတွေကို ARSA အဖွဲ့က အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီးနောက်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက် မွတ်စလင် ခုနှစ်သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပြည်ပသတင်းမီဒီယာတွေက ပြောဆိုနေကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။