မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးမရှိကြောင်း အစိုးရအနေနဲ့ ထုတ်ပြန်ပေးဖို့ အမျိုးဘာသာသာသနာ ချစ်မြတ်နိုး သူများအဖွဲ့က ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဆန္ဒပြတောင်းဆို ကြပါတယ်။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အစိုးရထံ တောင်းဆိုချက်တွေကို ဆန္ဒပြပွဲဦးဆောင်တဲ့ မမြတ်ဆုမွန်က အခုလိုပြောပါတယ်။
"ရိုဟင်ဂျာမရှိဘူးလို့ ပွဲတွေအများကြီးလုပ်နေတယ်၊ ဒါပေမဲ့ အစိုးရဘက်ကတော့ ဘာသံမှမထွက်လာပါဘူး ၊ နောက်ပြီးတော့ သံတမန်သဘောထား ကြေညာချက်ထုတ်တဲ့ သံအမတ်ကိုလည်း တစ်ခုမှဘာမှလည်း မပြောသေးပါဘူး၊ ၁၉၈၂ ဥပဒေကိုလည်း ကျမတို့က တိတိကျကျကို အသက်သွင်းစေချင်ပါတယ်၊ သူတို့ က ဒေါ်ခင်စောဝေရဲ့ တောင်းဆိုချက်ကိုတောင်မှ ပယ်ချခဲ့ပါတယ်၊ အြ့ဒီတော့ ကျမတို့ ဒီပွဲလေးကိုလုပ်ခဲ့ တာပါ"
အမျိုးဘာသာသာသနာ ချစ်မြတ်နိုးသူများအဖွဲ့ဟာ သံဃာတွေနဲ့ အမျိုးသားရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေစုပေါင်းထားတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြသူ တစ်ရာလောက်ဟာ ဗိုလ်စိန်မှန်ကွင်းကနေ ကျိုက္ကဆံ လူထုဟစ်တိုင်အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ရိုဟင်ဂျာမရှိကြောင်း အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန်ပေးဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်ပေးဖို့တို့ကို သဘောထားကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။ အလားတူဆန္ဒပြပွဲတွေကို တောင်ကြီးမြို့မှာလည်း ဒီနေ့ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ ပုသိမ်တို့မှာ ပြုလုပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့က သဲချောင်းဒုက္ခသည်စခန်းအနီးမှာ လှေမှောက်ခဲ့တာကြောင့် သေဆုံးသွားသူ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ ရခိုင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးရသူတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း အမေရိကန်သံရုံးက ပြီးခဲ့တဲ့ ဧပြီလ ၂ဝ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။