အရပ်သားတွေအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး စစ်ကောင်စီကို ပိုမိုပိတ်ဆို့အရေးယူဖို့ GCR2P တိုက်တွန်း

RFA Burmese
2024.06.15
အရပ်သားတွေအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး စစ်ကောင်စီကို ပိုမိုပိတ်ဆို့အရေးယူဖို့ GCR2P တိုက်တွန်း စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းမှ သတ်ဖြတ်သွားသည့် အရပ်သား ၃၀ ကျော်အား ၂၀၂၄ ခုနှစ် မေလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေအပေါ် လူမဆန်ရက်စက်မှုတွေ ဆက်လက် ကျူးလွန်နိုင်ခြင်းမရှိအောင် ငွေကြေး၊ လောင်စာဆီနဲ့ တရားဝင်အသိအမှတ်ပြုမှုဆိုင်ရာ ပိတ်ဆို့မှုတွေ ပိုမိုချမှတ်ရမှာ ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (GCR2P) က နိုင်ငံတကာအသိုင်းအဝန်းကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပြီး ပြောဆိုတာပါ။

ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်က ရိုဟင်ဂျာတွေနဲ့ အခြားအရပ်သားတွေကို ထိခိုက်နစ်နာစေတဲ့ ပိတ်ပင်တားဆီးမှုတွေကို ရပ်စဲရမှာဖြစ်ပြီး အရပ်သားပြည်သူတွေရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်စီးတာတွေကို ရှောင်ကြဉ်ကြဖို့လည်း အစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။

မေလ ၂၉ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အထိ ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်ဘက်က ကျေးရွာတွေကို စစ်ကောင်စီတပ်က တိုက်ခိုက်မှုကြောင့် ရခိုင်တိုင်းရင်းသား အရပ်သား ၇၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ မေလ ၁၇ ရက်နေ့ကလည်း AA က ရိုဟင်ဂျာအများစုနေထိုင်တဲ့ ဘူးသီးတောင်မြို့ကို သိမ်းပိုက်စဉ် အနည်းဆုံး လူ ၃၀ သေဆုံးပြီး ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာအရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း၊ တချိန်တည်းမှာပဲ ချင်း၊ ကရင်နဲ့ ကယားပြည်နယ် အပါအဝင် အခြားဒေသတွေမှာလည်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက မီးရှို့တာတွေ၊ ဗုံးကြဲတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရပ်သားတွေကို အခုလို ပစ်မှတ်ထားတိုက်ခိုက် သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများဖြစ်နိုင်ကြောင်း၊ ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်မကျူးလွန်နိုင်အောင် စစ်ကောင်စီကို ထပ်တိုးပိတ်ဆို့အရေးယူရမှာ ဖြစ်ကြောင်း GCR2P က ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။