ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဗိုလ်ချုပ်နှစ်ဦး စစ်ကောင်စီထဲက ထုတ်ပယ်ခံရ
2023.09.25
အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ စက်တင်ဘာလ ၂၅ ရက် ဒီကနေ့ ထုတ်ပယ်လိုက်ပါတယ်။
ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်ကောင်စီထဲကထုတ်ပြီး မူလစစ်ဘက်နေရာတွေကို ပြန်ပို့လိုက်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ညပိုင်းထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အကြောင်းကိုတော့ မဖော်ပြပါဘူး။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့လူယုံလို့ နာမည်ကြီးပြီး စစ်ကောင်စီထဲမှာ နံပါတ် ၇ အဆင့်နေရာ စစ်ဦးစီးအရာရှိချုပ် (ကြည်း)နေရာတွေ တာဝန်ယူခဲ့ရသူပါ။
သူဟာ စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ ဒေါ်လာအကြီးအကျယ် လာဘ်စားခဲ့တာကြောင့် နေပြည်တော်မှာ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဲဒီနောက် သူ့ကိုတာဝန်ပေးထားတဲ့ နိုင်ငံခြားငွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ကော်မတီ သုံးခုစလုံးကိုလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ အစားထိုးလိုက်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကတော့ စစ်ထောက်လှမ်းရေးချုပ်ကနေ အာဏာသိမ်းပြီးနောက် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်အထိ တာဝန်ပေးခံခဲ့ရသူဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တို့နေရာမှာ စစ်ခေါင်းဆောင်ရဲ့ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ကို စစ်ကောင်စီက အစားထိုးခန့်လိုက်ပါတယ်။