ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက ဆဒုံးရေတံခွန် ဒေသခံအခေါ် လန်န ရေတံခွန်ကို ဖြတ်သန်းဆောက် လုပ်ထားတဲ့ ဆဒုံးတံတား ဒီနေ့မနက်က ကျိုးသွားတဲ့အတွက် မြစ်ကြီးနား-ဝိုင်းမော်- ကန်ပိုက်တီလမ်းပိုင်း ခေတ္တပြတ်တောက်နေပါတယ်။
ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်က ဆဒုံးတံတားပေါ် ကုန်တင်ယာဉ်တစ်စီး ဖြတ်သန်းတဲ့အချိန် တံတားကျိုးကျသွား တာဖြစ်ပြီး ဖြတ်သန်းနေတဲ့ ကုန်တင်ယာဉ်ပါ ချောင်းထဲကျသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဆဒုံးတံတားဟာ မြစ်ကြီးနား - ကန်ပိုက်တီလမ်းပိုင်းပေါ်မှာ တည်ရှိတာဖြစ်ပြီး လက်ရှိမှာ ခရီးသွားတွေ တံတားထိပ်တစ်ဘက်စီမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
ဒီတံတားဟာ မြစ်ကြီးနား -ဝိုင်းမော်- ကန်ပိုက်တီမြို့တွေကို ချိတ်ဆက်ထားတဲ့ တစ်ခုတည်းသော လမ်းပိုင်းဖြစ်တဲ့ အတွက် တံတားပြင်ဆင်တာကြာရင် ကုန်စည်စီးဆင်းမှုအခက်အခဲ ဖြစ်လာနိုင်တယ်လို့ ဝိုင်းမော်မြို့က ဒေသခံ ဦးဒေါင်ခေါင်က ပြောပါတယ်။
ဒီတံတားကို အသုံးပြုပြီး တရုတ်ပြည်ကို နေ့စဉ်ကုန်စည် ပို့ဆောင်နေကြတာလည်းဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ကျိုးကျခဲ့တဲ့ တံတားဟာ ယာယီဖြတ်သန်းလို့ရအောင် တည်ဆောက်ထားတဲ့ တံတားဖြစ်ပြီး မူလ ဆဒုံးတံတားကတော့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ မိုင်းခွဲခံရလိုပျက်စီးခဲ့တယ်လို့ ဦးဒေါင်ခေါင်က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။