စစ်ကိုင်းမြို့နယ် ကန်ကြီးကုန်းရွာက နေအိမ် ငါးဆယ်ကျော် မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2023.09.28
စစ်ကိုင်းမြို့နယ် ကန်ကြီးကုန်းရွာက နေအိမ် ငါးဆယ်ကျော် မီးရှို့ဖျက်ဆီးခံရ စစ်ကိုင်းမြို့နယ် ပဒူတိုက်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ရွာထောင်ရွာကနေ ရထားလမ်းပြင်ဖို့ ထွက်လာတဲ့ ရထားတွဲ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဲဒီလမ်းပိုင်းအနီးမှာရှိတဲ့ ကန်ကြီးကုန်းရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့လို့ အိမ်ခြေ ငါးဆယ်ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းတွေကြောင့် ဩဂုတ်လကတည်းက ရွာထဲမှာမနေဘဲ ရွာလုံးကျွတ်ထွက်ပြေးနေရတာကြောင့် မီးရှို့ခံရမှုမှာ လူထိခိုက်မှုတော့မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရထားတွဲ မိုင်းဆွဲခံရတာက ကန်ကြီးကုန်းနဲ့ ကျောက်ပနံနဲ့ ကြားထဲ။ မိုင်းထိတဲ့ရထား က တွဲချော်ပြီးစောင်းသွား တာပေါ့။ မှောက်တော့မမှောက်ဘူး။ အဲတော့ တန်းပြီးတော့ ရွာပြည်သူတွေကလည်း ရွာထဲမရှိတော့ဘူးလေ။ အဲဒါနဲ့ ရွာကိုပဲ ဝိုင်းမီးရှို့တာ။ ကန်ကြီးကုန်းရွာကို။ ပြည်သူတွေကတော့ ကြာပြီလေ စစ်ဘေးတိမ်းရှောင်နေတာ။ ရွာထဲ ပစ္စည်းယူဖို့လောက်ပဲ ဝင်လိုက်၊ ထွက်လိုက်ရှိတာဆိုတော့။ လွတ်သွားတာပေါ့”

ကန်ကြီးကုန်းရွာဟာ အိမ်ခြေ လေးရာကျော်၊ လူဦးရေ နှစ်ထောင်ကျော် နေထိုင်တဲ့ရွာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကန်ကြီးကုန်းရွာအပါအဝင် ရထားလမ်းအနီးအနားက စာရေးအရှေ့၊ စာရေးအနောက်နဲ့ ကျောက်ပနံရွာက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အာဏာသိမ်းကာလအတွင်း စစ်ကိုင်းတိုင်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရသူ ရှစ်သိန်းကျော် ( ၈၁၃,၂၀၀) ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စက်တင်ဘာလ ၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။