စစ်ကိုင်းတိုင်းက လူဦးရေ ၈ထောင်နီးပါး ရေဘေးလွတ် ရာပြောင်းရွှေ့နေရ
2017.07.10

ချင်းတွင်းမြစ်ရေ ကြီးလာတာကြောင့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၇ မြို့နယ်က လူဦးရေ ၈ဝဝဝ နီး ပါးလောက် ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရပြီး ခန္တီးမြို့နယ်မှာ လူ ၁ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
အိမ်ထောင်စု ၂ ထောင်ကျော်က လူဦးရေ ၈ ထောင်နီးပါး ပြောင်းရွှေ့နေရပြီး မုံရွာမြို့နယ်ထဲက ကျေးရွာတစ်ချို့ မှာ ရေ ၄ ပေကနေ ၆ ပေလောက်အထိ မြင့်တက်နေတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှူး ဦးစဝီလီဖရန့်စ်က ပြောပါတယ်။
"ရေဘေးသင့်အိမ်ထောင်စုက ၂၃၁၉ စုပေါ့၊ ကျေးရွာအုပ်စုတစ်စုက လူဦးရေမရသေးဘူး၊ ဒါပေမဲ့ အိမ်ထောင်စုတော့ ရထားပြီပေါ့နော်၊ အားလုံးပေါင်း ၈ ထောင်နီးပါးလောက်ရှိမယ့် အနေအထားရှိတယ်၊ မုံရွာရယ် နောက် ဖောင်းပြင်တို့ မော်လိုက်တို့၊ ကလေးဝတို့ မင်းကင်းတို့ အဲ့လိုနည်းနည်းစီတိုးတာရှိတယ်၊ ခန္တီးမှာ ဒီနေ့ တစ်ယောက်သေတယ်၊ ရေနစ်ပြီးတော့ အမျိုးသားပေါ့၊ မုံရွာက စိုးရိမ်ရေမှတ် အထက်မှာ ၃၄ စင်တီမီတာရှိတာပေါ့၊ ဦးတို့ မနေ့ကတော့ အဲ့ရွာတွေထဲဆင်းကြည့်တာ၊ ၄ ပေလောက်ရှိတယ်၊ တချို့နေရာ လည်း ၅ ပေ ၆ ပေလောက်နစ်တာပေါ့။"
ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ စာရင်းအရ မုံရွာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနဲ့ မင်းကင်း မြို့နယ်တွေက လူဦးရေ ၃ ထောင်ကျော် ရေဘေးလွတ်ရာကို ပြောင်းရွှေ့ထားရတာဖြစ်တဲ့အတွက် ၂ ရက် အတွင်း မှာ ရေဘေးသင့်လူဦးရေ ၅ ထောင်နီးပါးလောက် တိုးလာတာ ဖြစ်ပါတယ်။
မုံရွာမြို့နယ်အတွင်းက ကျေးရွာ ၆ ရွာမှာ ရေတွေဝင်ရောက်နေတာကြောင့် ပစ္စည်းတွေ၊ ကျွဲ၊ နွား တိရစ္ဆာန် တွေကို နီးစပ်ရာရေဘေးလွတ်တဲ့ တာလမ်းမပေါ်တွေကို ပြောင်းရွှေ့ထားကြပြီး လူတွေကတော့ နေအိမ်အပေါ်ထပ်တွေ မှာ နေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ခန္တီးမြို့နယ်ဘက်မှာ ဒုတိယရေထပ်မံတိုးလာတာကြောင့် ရေဘေးသင့်လူဦးရေ ထပ်တိုးလာနိုင်တယ် လို့လည်း ဦးစဝီလီဖရန့်စ် က ပြောပါတယ်။