ချင်းတွင်းမြစ်ရေကြီးမှုကြောင့် လူတစ်သောင်းကျော် ပြောင်းရွှေ့ရ


2017.07.12
sagaing-flood-620.jpg ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးရွာနေဒေသခံတွေ ပြောင်းရွှေနေတာကို ဇူလိုင်လ ၁ဝ ရက်နေ့က တွေ့မြင်ရစဉ်
Photo: Myanmar Fire Services Department Facebook

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ မြို့နယ် ၇ မြို့နယ်က စာသင်ကျောင်း ၁၈ဝ ကျော် ပိတ်ထားရပြီး လူဦးရေ ၁ သောင်း ၁ ထောင်ကျော် ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ မင်းကင်း၊ ကလေးဝနဲ့ မုံရွာ စတဲ့မြို့နယ်တွေ က ကျောင်းတွေပိတ်ထားရပြီး ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စု ၂၅ဝဝ ကျော်သွားပြီလို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနမှူး ဦးစဝလီဖရန့်စ် က ပြောပါတယ်။

" အဲဒီရေကြောင့် ကျောင်းပိတ်ထားတာ၊ ခန္တီး ၁၅ ကျောင်း၊ ဟုမ္မလင်း ၃၆ ကျောင်း၊ ဖောင်းပြင် ၃၃ ကျောင်း၊ မော်လိုက် ၁၅ ကျောင်း၊ မင်းကင်း ၆၂ ကျောင်း၊ ကလေး၀ ၅ ကျောင်းနဲ့ မုံရွာ ၁၅ ကျောင်း လူဦးရေက ၁ သောင်း ၁ ထောင်ကျော်သွားပြီ၊ အိမ်ထောင်စုလည်း ၂၅၀၀ ကျော်ပြီပေါ့။ "

ရေဘေးဒဏ်ခံနေရတဲ့ အဲဒီမြို့နယ် ၇ မြို့နယ်မှာ ကယ်ဆယ်ရေးစခန်း ၅ဝ လောက် ဖွင့်ထားရတယ်လို့လည်း သိရပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်လာတာကြောင့် ဇူလိုင် ၆ ရက်ကနေ ဇူလိုင် ၁၁ ရက်နေ့အထိ  လူစီးအမြန်ရေယာဉ် အပါအဝင် ကုန်သယ်ရေယာဉ်တွေကို စစ်ကိုင်းတိုင်းအစိုးရက မောင်းနှင်ခွင့်တွေ ယာယီပိတ်ထားပါတယ်။

ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေမှာ ချင်းတွင်းမြစ်ရေဟာ ပြန်ကျနေပြီဖြစ်ပေမယ့် ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မိုးရွာသွန်းမှုအနေနဲ့ မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မကွေး နဲ့ စစ်ကိုင်း စတဲ့ပြည်နယ်နဲ့ တိုင်းဒေ သကြီးတွေ နောက် ၃ ရက်ဆက်တိုက် မိုးကြီးနိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။