စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တောင်ကြားရွာနဲ့ တောင်မြို့ရွာက လူနေအိမ် ၁၆၀ ကျော် ဩဂုတ်လ ၂၉ ရက်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီးနောက် တောင်ကြားရွာက နေအိမ် ၃၇ လုံးနဲ့ တောင်မြို့ရွာက နေအိမ် ၁၃၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေ ထွက်ပြေးနေပြီး ခုထိ အိမ်မပြန်ရဲဘူးလို့ အမည်မဖော်လိုတဲ့ တောင်ကြားရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲလည်းမရှိဘဲ ရောက်လာတာ၊ သူတို့ဘက် စားစရာမရှိတော့ ဒီရွာတွေကို အနိုင်ကျင့် လာယူသွားတာ၊ အိမ်တွေ မီးရှို့တယ်။ စားစရာတွေ သယ်သွားတယ်။ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ယောက် အသတ်ခံရတယ်။ ရွာက ဒေသခံတွေ ကတော့ ရှောင်လိုက်နိုင်ပါတယ်၊ အခုတော့ မပြန်ရဲကြသေးဘူး"
အခုမီးရှို့ခံရတဲ့ တောင်ကြားရွာနဲ့ တောင်မြို့ရွာက ကြွယ်ပုံရွာအနီးမှာရှိတဲ့ ရွာတွေဖြစ်တယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။ စစ်ကောင်စီတပ်တွေက ကြွယ်ပုံရွာမှာ တပ်စွဲထားတာလို့ သူက ပြောပါတယ်။
သေဆုံးခဲ့တဲ့သူက တောင်ကြားရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အသက် ၁၇ နှစ်အရွယ် ကိုထက်မြတ်ဇင် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီကနေ့ ဩဂုတ်လ ၃၁ ရက်နေ့မှာလည်း တောင်ကြားရွာနဲ့ တောင်မြို့ရွာကို စစ်ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပေမယ့် အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူရဲ့တပ်ဖွဲ့တွေဟာ မြေပြင်မှာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer နဲ့ ဩဂုတ်လ ၁၇ ရက် တွေ့ဆုံမှုမှာ ပြောဆိုထားပါတယ်။
ဒါပေမဲ့ တစ်နိုင်ငံလုံး မီးလောင်မှုဖြစ်စဉ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့ရဲ့ ဩဂုတ်လ ၂၉ ရက် ထုတ်ပြန်ချက်ရ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းအတွင်းက နေအိမ် ၂၀,၁၅၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။