စစ်ကိုင်းမှာ လူငယ် နှစ်ဆယ်ခန့် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ
2025.02.15

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက ရှင်ဖြူရှင်လှမြွေဘုရားအနီးမှာ ဖေဖော်ဝါရီ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းမှာပဲ လမ်းသွားလမ်းလာ လူငယ် နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။
အသက် ၂၀ ကျော်အရွယ်တွေဖြစ်တဲ့ လူငယ်အမျိုးသား နှစ်ဆယ်ခန့်ကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ လမ်းသွားလမ်းလာနဲ့ ဈေးရောင်းချသူတွေဖြစ်ပြီး စစ်ကိုင်းမြို့မရဲစခန်းကို စစ်ကောင်စီတပ်က ခေါ်ဆောင်သွားတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ စစ်ကိုင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"နှစ်ဆယ်လောက်ရှိတယ်ဗျ။ တချို့တွေလည်း ဓာတ်ပုံရိုက်ထားတာရှိတယ်။ မင်းကွန်းဘက်ကနေ စစ်ကိုင်းဘက်ကို ဆိုင်ကယ်နဲ့လာတဲ့ သူတွေဆိုလည်း ဆိုင်ကယ်ရော၊ လူရော ဖမ်းသွားတာဗျ။ မနက် ၇ နာရီလောက်ကနေ ၈ နာရီကျော်အတွင်း ဖမ်းသွားတာပါ။ တချို့မိဘတွေ သားသမီးအဖမ်းခံရတာ သိပုံတောင် မပေါ်သေးဘူး"
လတ်တလော လုံခြုံရေးအခြေအနေအရ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (BACS) ရဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်မှုထမ်းအပတ်စဥ် (၁) ကနေ အပတ်စဥ် (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ရှိခဲ့ပါတယ်။
စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူမှုရှိနေကြောင်း စစ်ကောင်စီက ဝန်ခံထားပြီး အဲဒီလို မမှန်မကန် ဆောင်ရွက်တဲ့သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပြောဆိုထားပါတယ်။