ဆားလင်းကြီးမှာ စစ်ရေယာဉ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးနေရ

RFA Burmese
2023.09.28
ဆားလင်းကြီးမှာ စစ်ရေယာဉ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးနေရ မုံရွာ မင်းဒေါင့်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် စစ်ရေယာဉ်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲမှာ ချင်းတွင်းမြစ်အတိုင်း စုန်စင်းလာတဲ့ စစ်ရေယာဉ်အုပ်စုက မြစ်ကမ်းဘေးကရွာတွေကို စက်တင်ဘာ ၂၈ ရက် ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ်ပစ်ခတ်တာကြောင့် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်သင်္ဘောသုံးစီးနဲ့ ကုန်တင်ရေယာဉ် ၁၃ စီး စုစုပေါင်း ၁၆ စီးနဲ့ စုန်ဆင်းလာတာဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိသလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ပြန်လည်ပစ်ခတ်ခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

စစ်ရေယာဉ်တွေ ရေကြောင်းသွားလာတဲ့အခါ မြစ်ကမ်းဘေးကရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် အခုလို နေရပ်စွန့်ခွာထွက်ပြေးကြရတာလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက် မုံရွာဆိပ်ကမ်းက ထွက်လာတဲ့ စစ်င်္ဘောတွေက ရွှေကုန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်သွားတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။ စစ်သင်္ဘောတွေလာရင် ပြေးကြ၊ ကိုယ့်ရွာနဲ့ နည်းနည်းဝေးသွားပြီဆို ရွာထဲပြန်ဝင်ကြနဲ့ ဖြစ်နေတာ။ သူတို့ကျတော့ ယာယီစစ်ဘေးရှောင်တွေပေါ့”

ဆားလင်းကြီးမြို့နယ် ကုန်းတွင်းပိုင်းမှာလည်း ပုလဲမြို့နယ်ဘက်က ဝင်လာတဲ့ အင်အားတစ်ရာပါ စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ ရွှေသမင်ရွာကို ရောက်ရှိနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း လုပ်နေတယ်လို့ နောက်ထပ်ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ရွာငါးရွာထက်မနည်း မီးရှို့ခံရလို့ ဒီနေ့ထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်နီးပါးလည်းရှိနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အာဏာသိမ်းကာလအတွင်း စစ်ကိုင်းတိုင်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃၂၀၀) ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။