ပိုးလမ်းမသစ်အစီအစဉ် ပွင့်လင်းမြင်သာစွာချပြဖို့ သန္ဓိအဖွဲ့ ထုတ်ပြန်


2019.08.31
Share on WhatsApp
Share on WhatsApp
kyaukphyu-sez-622.jpg ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တေ့ွရစဉ်
Photo: Min Thein Aung/ RFA

တရုတ်ရဲ့ ပိုးလမ်းမသစ် အစီအစဉ်မှာပါဝင်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ မူဆယ်-မန္တလေး ရထားလမ်းဟာ မြန်မာပြည်တွင်းက ပဋိပက္ခဖြစ်ပွားရာ တောင်တန်း ဒေသတွေနဲ့ ပြည်နယ်နဲ့ တိုင်းတွေကို ဖြတ်သန်းသွားမှာဖြစ်လို့ ပြည်သူတွေကို ပွင်လင်းမြင်သာစွာ ချပြသင့်တယ်လို့ Sandhi Governance Institute အဖွဲ့က ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန် ပြောလိုက်ပါတယ်။

စီမံကိန်းဖြတ်သန်းသွားရာဒေသတွေမှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် စီမံကိန်းတွေနဲ့ပတ်သက်တဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေနဲ့ အရက်ဘက်အဖွဲ့တွေ သိရှိနိုင်ဖို့အတွက် အခုလို အစီရင်ခံစာထုတ်ပြန်ပြီး တောင်းဆိုတာဖြစ်တယ်လို့ ရန်ကုန်မြို့အခြေစိုက် သန္ဓိအဖွဲ့ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခိုင်ဝင်းက ပြောပါတယ်။

ဒီစီမံကိန်းနှစ်ခုဟာ စီးပွားရေးအရတင်မဟုတ်ဘဲ နှစ်နိုင်ငံအကြား ပထဝီရေးရာ မဟာဗျူဟာကိစ္စနဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုတွေအတွက်ပါ အရေးပါတဲ့ စီမံကိန်းတွေဖြစ်တယ်လို့ သန္ဓိအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာချပြပြီး ပြည်သူတွေပါဝင်လာမှသာ ဒီစီမံကိန်းတွေ အောင်မြင်လာနိုင်မှာ ဖြစ်တယ်လို့လည်း အစီရင်ခံစာက ဆိုထားပါတယ်။

မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအပါအဝင် ပုဂ္ဂလိက- အစိုးရ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းလို့ ခေါ်တဲ့ PPP စီမံကိန်းတွေနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက် ပိုမိုရရှိဖို့၊ လက်ရှိဆောင်ရွက်နေတဲ့ ပီပီပီ စီမံကိန်းတွေအတွက် စည်းမျဉ်းစည်းကမ်းတွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်တွေ၊ အဲ့ဒီစီမံကိန်းတွေအပေါ် ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်တွေနဲ့ ဒီစီမံကိန်းတွေဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုး ရှိ/မရှိ စတာတွေကို မှန်ကန်စွာသုံးသပ်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ပြန်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ တာဝန်ရှိဌာနတွေအနေနဲ့ စီမံကိန်း အကောင်အထည် ဖော်ပြီးစီးမှုအခြေအနေတွေ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီစဉ်ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ပြန်လည်မျှဝေပေးဖို့အပြင် ပြည်သူတွေ ပါဝင်လာပြီး ပွင့်လင်းမြင်သာမှုကို မြှင့်တင်ဖို့၊ သတင်းအမှားတွေနဲ့ သတင်းအချက်အလက်အလွဲတွေ မဖြစ်ပေါ်အောင် ပုံမှန်သတင်းစာရှင်းလင်းပွဲတွေလည်း လုပ်ဆောင်သင့်တယ်လို့ အကြံပြုထားပါတယ်။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။