စာရေးဆရာကြီး ဒဂုန်တာရာ (၉၅ နှစ်) ကွယ်လွန်ပြီ

2013-08-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

နာမည်ကျော် ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ(အသက် ၉၅ နှစ်)ဟာ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့နေအိမ်မှာ ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်ကျော်အချိန်က ကွယ်လွန်သွားခဲ့ပါတယ်။

ဆရာကြီး ဒဂုန်တာရာရဲ့ ရုပ်အလောင်းကို လာမယ့် သြဂုတ်လ ၂၁ ရက်နေ့မှာ အောင်ပန်းမြို့ သုသာန်မှာပဲ ဂူသွင်းသင်္ဂြိုလ် သွားမှာဖြစ်တယ်လို့ ဆရာ့ကို အနီးကပ် ပြုစုပေးနေတဲ့ ဦးစိုးမြင့်က RFA ကို အခုလိုပြောပါတယ်။

ဆရာ့ကိုကြည့်ပေးနေတဲ့ ဒေါက်တာကောင်းမြတ်ဆိုတာ အောင်ပန်းဆေးရုံအုပ်ပါ၊ သူက ကျနော်တို့ဆီမှာ ဘာမှမလုပ်တတ်ဘူး၊ သူဆေးရုံခေါ်ထားမယ်ဆို ကျနော်တို့ ဆေးရုံမှာထားပါတယ်၊ ဒီမနက်မှ ဆရာနဲ့ တိုင်ပင်ပြီးတော့ ၁ဝ နာရီလောက် ပြန်ခေါ်လာပါတယ်၊ ပြန်ခေါ်လာတုန်းကစပြီးတော့ အောက်ဆီဂျင်ပေး ထားပါတယ်၊ ၁ နာရီ ၁၅ မှာ ဆုံးပါတင်ခင်ဗျ”

ဆရာဒဂုန်တာရာရဲ့ အမည်အရင်းဟာ ဦးဌေးမြိုင် ဖြစ်ပြီး၊ ကျိုက်လတ်မြို့နယ် ထိုင်ကူမြစ်တန်းရွာမှာ ၁၉၁၉ ခုနစ်က မွေးဖွားခဲ့ပြီး ကျိုက်လတ် အမျိုးသားကျောင်း၊ ရန်ကုန်မြို့ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်း၊ ရေကျော် မက်သဒစ်ကျောင်းနဲ့ ရန်ကုန်တက္ကသိုလ်တို့မှာ ပညာသင်ယူခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် အမြဲတမ်း ကော်မတီ ဒုဥက္ကဌ၊ မြန်မာနိုင်ငံ စာရေးဆရာများ အသင်း ဥက္ကဌ၊ မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂ ဥက္ကဋ္ဌစတဲ့ တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။

ဆရာ ဒဂုန်တာရာဟာ စာပေသက်တမ်း နှစ်ပေါင်း ၇၀ ကျော်အတွင်း မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ မောင်သစ္စာ၊ မောင်ဘတင့်စတဲ့ ကလောင်ခွဲပေါင်းများစွာနဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာ ရေးရာတွေနဲ့ နိုင်ငံရေး ပတ်သက်တဲ့ ဝေဖန်ရေး ဆောင်းပါးတွေအပြင် ၀တ္တုစာအုပ်ပေါင်း ၂၀ ကျော်ကို ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ဆရာဒဂုန်တာရာဟာ စာပေဗိမာန်ဝတ္ထုတိုပေါင်းချုပ်ဆု၊ အမျိုးသားစာပေဆု၊ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုတွေအပြင် တောင်ကိုးရီးယားနိုင်ငံကပေးအပ်တဲ့ ငြိမ်းချမ်းရေးဆုတွေကိုလည်းရရှိခဲ့သူ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့