ကလေးမြို့ စန်းမြို့ရပ်ကွက်က အထက်တန်းကျောင်း မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စန်းမြို့ရပ်ကွက်မှာ မေလ ၂၉ ရက် ဒီနေ့မနက်အစောပိုင်းက အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းက ကျောင်းဆောင်နှစ်ခု မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်အစောပိုင်း ၁ နာရီခန့်က ကလေးမြို့ပေါ်ရပ်ကွက်တချို့မှာ အပြန်အလှန် ပစ်ခတ်သံတွေ ကြားရပြီးနောက် အ.ထ.က (၈) ကျောင်းက ကျောင်းဆောင်နှစ်ဆောင် မီးလောင်ကျွမ်းခဲ့တာလို့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။

"အ.ထ.က (၈) လောင်သွားတာပါ။ နှစ်ဆောင် လောင်သွားတာပါ။ အပြင်ကနေ ရှို့တာပါ။ ရှို့မီးပါ။ သေနတ်သံတွေကတော့ ကြားတယ်။ ပြီးတော့ သေနတ်သံကြားပြီးနောက် တောက်လျောက် သွားရင်းလာရင်းနဲ့ အပြင်ကနေ ရှို့ခံလိုက်ရတာပါ"

အဲဒီကျောင်းဟာ မီးရှို့ခံရတာလို့ ဒေသခံတွေက ပြောကြပေမယ့် ဘယ်သူတွေက မီးရှို့သလဲ ဆိုတာကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

မေလ ၂၈ ရက် ည ၇ နာရီခန့်ကစပြီး ကလေးမြို့ပေါ်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ် PDF တို့ အပြန်အလှန် သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြပြီးနောက်ပိုင်း လက်နက်ကြီးတွေ နဲ့ ရပ်ကွက်တွေထဲ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ကလေးမြို့နယ်အတွင်းက ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ခုကလည်း မနေ့ညက မြို့ပေါ်မှာ စစ်ဆင်ရေး လုပ်ဆောင်မှုတချို့ ရှိခဲ့တယ်လို့ RFA ကို အတည်ပြုပြောပြပါတယ်။

စစ်ကိုင်းအတွင်းထဲ ပြီးခဲ့တဲ့ ဧပြီလကနေ မေ ၂၄ ရက်အထိ နှစ်လအတွင်းမှာ မြို့နယ်ပေါင်း ၁၉ ခုက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီအထဲမှာ ကလေးမြို့နယ်ဟာ အိမ်ခြေ ၁၆၀၉ လုံးနဲ့ အများဆုံး မီးရှို့ခံခဲ့ရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။