ပုဒ်မ ၅၉(စ) ကို ဖျက်သိမ်းရေး NLD ပါတီ ပြင်ဆင်ချက်တင်

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်နိုင်အောင် တားဆီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ဖျက်သိမ်းဖို့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့က ပြင်ဆင်ချက်အဆို တင်သွင်းလိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ကျင်းပတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ခြောက်ကြိမ်မြောက် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခန်း ၃ ပါ ပုဒ်မ ၁၇ ခုကို ဆွေးနွေးတာမှာ အဲဒီ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို တင်သွင်းခဲ့တာလို့ ကော်မတီဝင် ကိုယ်စားလှယ်တချို့က ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးတဲ့ ဖွဲ့စည်းပုံ အခန်း ၃ ကို ပြင်ဆင်ချက် ၃ ချက်တင်သွင်းခဲ့တယ်လို့ အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေက ပြောပေမယ့် ဘယ်ပုဒ်မတွေ ပြင်ဆင်ဖို့ တင်သွင်းခဲ့တယ်ဆိုတာကိုတော့ မပြောပါဘူး။

ရခိုင်အမျိုးသားပါတီကတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ဒုသမ္မတ တစ်ယောက်စီခန့်အပ်တဲ့ပုဒ်မကို တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က တင်မြောက်ခွင့်ကို ပယ်ဖျက်ပေးဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေကို မေးမြန်းခဲ့ပေမယ့် ဥပဒေအရ ဖြေကြားခွင့်မရှိတဲ့အတွက် မဖြေကြားခဲ့ပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ပြင်ဆင်ခြင်းမပြုဖို့ မကြာသေးခင်က အမျိုးသားရေးအင်အားစုတွေက ဆန္ဒဖော်ထုတ်တာတွေလည်းရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။