ရန်ကုန်မှာ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

RFA Burmese
2023.11.17
ရန်ကုန်မှာ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့် ရန်ကုန်မြို့ရှိ ဘန်ကာတစ်ခုတွင် လက်နက်အသင့်ပြင်ပြီး စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားတချို့အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတွေ တိုးမြှင့် ချထားတာကြောင့် စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကို ပြောပါတယ်။

ရန်ကုန်မြို့နယ်တိုင်းနီးပါးက လမ်းဆုံ၊ မီးပွိုင့်၊ တံတားအတက်အဆင်းတွေနဲ့ တံတားအောက်တွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူထားတာ ခပ်စိပ်စိပ်တွေ့နေရသလို တချို့ကားမှတ်တိုင်တွေရဲ့ အနီးအနားမှာလည်း လက်နက်ကိုင်တွေနဲ့ ရဲတပ်သားတွေ နေရာချထားတာ ထူးထူးခြားခြား တွေ့မြင် နေရတယ်လို့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့မှာနေထိုင်တဲ့ အငှားယာဉ်မောင်းတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီရက်ပိုင်းထဲမှာ ရန်ကုန်မြို့ ထူးခြားတာကတော့ လုံခြုံရေးတွေ ချထားတာပဲ။ စစ်ဝတ်တွေနဲ့တစ်မျိုး၊ အရပ်ဝတ်တွေနဲ့တစ်မျိုး ရန်ကုန်မြို့ထဲက ဘလောက်တိုင်းမှာ တွေ့လာရတယ်။ အရင်က ကားနဲ့ပဲလှည့်ပြီး သူတို့ရဲစခန်းတွေ၊ ထွေအုပ်ရုံးတွေရှိတဲ့ နေရာလောက်မှာပဲ ဘန်ကာတွေနဲ့ လုံခြုံရေးတွေ ယူထားကြတာ။ အခုဟာက အဲလိုမဟုတ်တော့ဘူး။ မီးပွိုင့်တိုင်း၊ လမ်းဆုံတိုင်းနဲ့ မြို့ထဲက တံတားအတက်အဆင်း တိုင်းမှာပါ တွေ့နေရတယ်။ ကားမှတ်တိုင်တွေနားမှာပါ ရဲတွေက သေနတ်ကြီးကိုင်ပြီး စောင့်နေကြတာတွေ့ရတယ်။ ကျွန်တော်တို့ တက္ကစီကားတွေအပြင် အိမ်စီးကားနဲ့ YBS ကားတွေပါတားပြီး စစ်ဆေးနေတာ ဆိုးတယ်ဗျ"

အခုလို လုံခြုံရေးတိုးမြှင့်စစ်ဆေးမှုတွေကြောင့် စိုးရိမ်ကြောက်လန့်နေကြရတယ်လို့လည်း သူကပြောပါတယ်။

အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သွားလာသူတွေ နည်းလာတာကိုလည်း တွေ့ရတယ်လို့ တာမွေမြို့နယ်မှာနေထိုင်တဲ့ ကိုသီဟ ကပြောပါတယ်။

"ရန်ကုန်မှာ ညမထွက်ရအမိန့်ကို စစ်ကောင်စီက မနက် ၁ နာရီကနေ ၃ နာရီအထိ ပြောင်းလဲသတ်မှတ်ပေးလိုက်ပေမယ့် ကျွန်တော်တို့က ည ၈ နာရီကျော်ရင် မထွက်ရဲကြတော့ဘူး။ မီးတွေကပြတ်၊ လူတွေကပြတ်နဲ့ အခုရက်ပိုင်း ညတွေမှာ အဖမ်းအဆီးသတင်းတွေကလည်း နေ့တိုင်းကြားနေရတော့ ကြောက်ကြောက် လန့်လန့်နဲ့ သွား၊ ကြောက်ကြောက်လန့်လန့် ပြန်နေကြရတာပဲ။ ထူးခြားတာကတော့ ညမှောင်လာရင် လမ်းပေါ်မှာ လူတွေက မသွားရဲကြတော့ဘူး၊ အပြင်ထွက် သွားလာသူတွေ နည်းလာတာပါပဲ"

ရန်ကုန်မှာလုံခြုံရေးတိုးမြှင့်ထားတာနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်လိုက်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်အပါအဝင် နေရာအချို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။