ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ရွှေသောင်ယံကမ်းခြေမှာ မေလ ၂၂ ရက် နေ့လယ်ပိုင်းက ရုပ်အလောင်း ခုနစ်လောင်းကို တွေ့ခဲ့ရတယ်လို့ ဒေသတွင်း ပရဟိတလုပ်ကိုင်နေသူတွေက ပြောပါတယ်။
မနေ့နေ့လယ်ပိုင်းက ရွှေသောင်ယံ၊ ဝက်သေရပ်ကွက်မှာ ရုပ်အလောင်းခြောက်လောင်းကို စတွေ့ခဲ့ရပြီး ညနေ ၃ နာရီခွဲဝန်းကျင်မှာတော့ ရွှေသောင်ယံ အမှတ်-၁ ရပ်ကွက်မှာ ရုပ်အလောင်းတစ်ခု တွေ့ခဲ့ရတာလို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အမည်မဖော်လိုတဲ့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။
ရွှေသောင်ယံ အမှတ်-၁ ရပ်ကွက်မှာ တွေ့ခဲ့ရတဲ့ ရုပ်အလောင်းက အသက် ၁၂ နှစ်- ၁၃ နှစ် အရွယ်လို့ ခန့်မှန်းလို့ရတဲ့ မိန်းကလေး ရုပ်အလောင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးတစ်ဦးဖြစ်လို့ အစ္စလာမ်ဘာသာရေးဆရာတွေက ထုံးတမ်းစဉ်လာနဲ့အညီ ရွှေသောင်ယံသင်္ချိုင်းမှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ပြောပါတယ်။
ဝက်သေရပ်ကွက်က ရုပ်အလောင်း ခြောက်လောင်းကတော့ အသက် ၂၀ နှစ်ဝန်းကျင် အမျိုးသမီးငယ်တွေရဲ့ ရုပ်အလောင်းတွေလို့ ဆိုပါတယ်။
တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒေသခံတချို့ကတော့ ဒီရုပ်အလောင်းတွေဟာ ပင်လယ်ထဲမှာ လှေမှောက်ရာကနေ မျောလာတာ ဖြစ်မယ်လို့ ယူဆကြပေမယ့် ရုပ်အလောင်းသွားကောက်ခဲ့တဲ့ ပရဟိတအဖွဲ့ဝင်ကတော့ လှေအပိုင်းအစနဲ့ တူတဲ့အရာ မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။