မကွေးတိုင်း၊ ကျောက်ထုမြို့ထဲမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ်လ ၈ ရက် ဒီကနေ့ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ထု PDF ပြန်ကြားရေးတာဝန်ခံက RFA ကိုပြောပါတယ်။
မိုင်းသုံးလုံးခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ လောက်ထဲက ခုနစ်ယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ အဲ့ဒီ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
"ကျောက်ထုစခန်းကနေ ဆိုင်ကယ်နဲ့ ပတ်ကင်းလှည့်တဲ့ ရဲတွေနဲ့ စစ်သားတွေကို ကျွန်တော်တို့ချောင်းပြီး မိုင်းခွဲတာ။ မိုင်းခွဲပြီး လက်နက်ငယ် မောင်းပြန်နဲ့ ပစ်တာပေါ့။ သူတို့ဘက်က ခုနစ်ယောက်လောက် ကျတယ်"
နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့တာကြောင့် စစ်တပ်ဘက်က ခုနစ်ယောက်သေတဲ့အပြင် ရှစ်ယောက်လောက်လည်း ဒဏ်ရာရသွားကြတယ်လို့ ဆိုပါတယ်။ ကျောက်ထု PDF ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ CDF (Mindat) တို့ပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။
ဒီနေ့ ကျောက်ထုမြို့ထဲကို စစ်လေယာဉ် နှစ်ကြိမ်ဆင်းခဲ့ပြီး လက်နက်ခဲယမ်းတွေ လာချသွားသလို၊ ဒဏ်ရာရတဲ့သူတွေကို ပြန်သယ်သွားတယ်လို့လည်း ကျောက်ထု PDF တာဝန်ခံကပြောပါတယ်။
အဲ့ဒီနောက် တင့်ကားနှစ်စီးနဲ့ ကျောက်ထုမြို့ထဲပတ် ပစ်ခတ်တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေရှိတယ်လို့ ကျောက်ထု PDF က ထုတ်ပြန်ထားပေမယ့် RFA ကတော့ သီးခြားထပ်မံ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ကျောက်ထုဘက်က အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာလည်း စစ်ကောင်စီဘက်က လူအယောက် ၁၀၀ ကျော်ပါတဲ့ ယာဉ်တန်းကို ကျောက်ထု PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တယ်လို့ PDF ဘက်က ထုတ်ပြန်ထားပါတယ်။