ရန်ကုန်က ဖမ်းဆီးခံ လူငယ်ခုနစ်ယောက် သေဒဏ်အမိန့်ချခံရ

ရန်ကုန်မှာ ဖမ်းဆီးခံထားရတဲ့ မိန်းကလေးငယ်တစ်ဦး အပါအဝင် လူငယ် ခုနစ်ယောက်ကို စစ်ကောင်စီက လူသတ်မှုနဲ့ စွပ်စွဲပြီး သူတို့ကိုစစ်ခုံရုံးကနေ သေဒဏ်အမိန့်ချလိုက်တယ်လို့ မတ်လ ၁၈ ရက် မနေ့ ညက ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်က အထက်တန်းပြ ကျောင်းဆရာမ ဒေါ်လှလှ သန်း နိုဝင်ဘာ လ ၅ ရက် နေ့မှာ အသတ်ခံရတဲ့အမှုနဲ့ လူငယ် လေးယောက်ကို စွပ်စွဲ အမိန့်ချလိုက်တာဖြစ်ပြီး လှိုင်သာယာမြို့နယ် (၁၀) ရပ်ကွက်က ရာအိမ်မှူးတစ်ယောက် အသတ်ခံရတဲ့အမှုနဲ့ စွပ်စွဲကာအမိန့်ချခံရတဲ့ လူငယ် သုံးယောက်လည်း ပါဝင်ပါတယ်။

အသက် ၁၉ နှစ်အရွယ် မဆောင်းလေပြေ (ခ)ဇူးဇူး၊ ကိုဇော်လင်းထွန်း၊ ကိုမြဌေးကိုနဲ့ ကိုအောင်ကောင်းခန့် တို့ကို အထက်တန်းပြ ကျောင်းဆရာမ ဒေါ်လှလှသန်း သေဆုံးမှုနဲ့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားပြီး မတ်လ ၁၇ ရက်နေ့မှာ စစ်ခုံရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (ခ) နဲ့ သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အလားတူပဲ ကိုစောကောင်းမြတ် (ခ) ဖြိုးမောင်မောင်၊ ကိုရဲနိုင် (ခ) ကိုရဲ နဲ့ ကိုဖြိုးကျော် ဇင်တို့ကို လှိုင်သာယာမြို့နယ်ထဲက ရာအိမ်မှူးကို သတ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး မတ်လ ၁၇ ရက်မှာပဲ စစ်ခုံရုံးက သေဒဏ်ချမှတ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ကိုစောကောင်းမြတ် (ခ) ဖြိုးမောင်မောင်၊ ကိုဖြိုးကျော်ဇင်၊ ကိုရဲနိုင် (ခ) ကိုရဲ တို့ဟာ ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်တာတွေ၊ ဖောက်ခွဲမှုတွေ လုပ်တယ်ဆိုပြီး စစ်ကောင် စီရဲ့ ခုံရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၀(ဈ) တို့နဲ့ ထောင် ဒဏ် တစ်သက်ဆိုပြီးလည်း အမိန့်ချထားပါတယ်။

အလားတူပဲ ဖမ်းဆီးခံထားရတဲ့ ကိုရဲလင်းစိုး (ခ) ကိုလင်း၊ ကိုလင်းလင်းထက် (ခ) ထက်ကြီး၊ ကိုပြည့်ဖြိုးသူ၊ ကိုဇော်မင်းထွန်း (ခ) ကိုဇော်၊ ကိုဇော်ကိုကို၊ ကိုနေနိုင်အောင်၊ ကိုမင်းမြတ်အောင်၊ ကိုညိမ်းမြတ်သူ တို့ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ပဲ ထောင်ဒဏ် တစ်သတ် အမိန့်ချမှတ်ထားပါတယ်။

အရှေ့ဒဂုံမြို့နယ်က ကျောင်းဆရာမ ဒေါ်လှလှသန်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ မြောက်ဥက္ကလာပ၊ သုဓမ္မာလမ်းနဲ့ နွယ်နီလမ်းထောင့်မှာ မီးပွိုင့်မိနေချိန် သေနတ်နဲ့သုံးချက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရသူ ဖြစ်ပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၆ ရက်မှာတော့ မဆောင်းလေပြေ အပါအဝင် လူငယ်သုံးယောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။