ရွာငံမှာ လူကိုးဦးကို စစ်တပ်က အစုလိုက်မီးရှို့သတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော

2022.05.11
ရွာငံမှာ လူကိုးဦးကို စစ်တပ်က အစုလိုက်မီးရှို့သတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ ကြေညာချက်
Photo - SHRG

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်က ဒေသခံကိုးဦးကို စစ်ကောင်စီတပ်သားတွေ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ ရွာငံ၊ ပဲရင်းတောင်ရွာက အမျိုးသား ကိုးဦးဖမ်းဆီးခံခဲ့ရပြီး၊ အဲဒီရွာသား ကိုးဦးစလုံးကို ရွာအနောက်ဘက် ကွင်းပြင်ထဲမှာ ကားတာယာတွေစုပုံပြီး မီးရှို့သတ်သွားတာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ရုပ်အလာင်းတချို့ရဲ့ အစိတ်အပိုင်းတွေ မီးမလောင်ဘဲကျန်ခဲ့ပြီး၊ အဲဒီကျန်ခဲ့တဲ့ အစိတ်အပိုင်းတွေမှာ ဓားဒဏ်ရာတွေ သေနတ်ကျည်ထိမှန်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ရွာငံမြို့နယ်ဟာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာရှိတာဖြစ်ပါတယ်။ အရင်က အဲဒီဒေသမှာ စစ်ကောင်စီတပ်စခန်းတွေ မရှိခဲ့ပေမယ့် အခုနောက်ပိုင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ အားကောင်းလာတာကြောင့် စစ်ကောင်စီဘက်ကလည်း အဲဒီဒေသကို စစ်တပ်ဖြန့်လာနေတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကလောအခြေစိုက် ခမရ ၁၁၂ နဲ့ ၁၁၅ တပ်ရင်း၊ ရပ်စောက်အခြေစိုက် ခမရ ၅၀၈ နဲ့ ၅၀၉ တပ်ရင်းတွေ ဝင်ရောက်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဧပြီလ ၂၉ ရက်နေ့က ဆက်သွယ်မေးမြန်းတဲ့အခါ ရွာသား ကိုးယောက် အသတ်ခံရတဲ့ဖြစ်စဉ်ကို သူမသိဘူးလို့ ဆိုပါတယ်။

ဧပြီ ၂၂ ရက်နေ့ကတော့ ရွာငံမြို့နယ်ထဲမှာ PDF နဲ့ KNPP တပ်တွေ ပူးပေါင်းလှုပ်ရှား နေတယ်လို့ သတင်းရတာကြောင့် စစ်တပ်က ရှင်းလင်းခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့စာရင်းတွေအရ ဒီ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ဧပြီလ အတောအတွင်း ရွာငံက အရပ်သား ၁ဝ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ ၂၅ ဦးအဖမ်းခံခဲ့ရပါတယ်။

လက်ရှိ ပဲရင်းတောင်ရွာနားမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တပ်တွေကြား တိုက်ပွဲတွေရှိနေပြီး၊ လူကိုးဦးမီးရှို့သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် ရွာသား ၈ဝဝ ကျော်ဟာ ကြောက်လန့်ပြီး နေအိမ်တွေစွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။