ရှမ်းနဲ့ ကယားပြည်နယ်စပ် ဖယ်ခုံမြို့ လွယ်ပန်းစုံရွာထဲကို မေလ ၁၇ ရက် မနေ့ညပိုင်းက စစ်ကောင်စီ တပ်ဘက်ကနေ လက်နက်ကြီးပစ်ခတ်ခဲ့လို့ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းကရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တို့ တိုက်ပွဲ တွေ ပြင်းထန်နေလို့ စစ်ဘေးဒုက္ခသည် တစ်ထောင်ခန့်ဟာ လွယ်ပန်းစုံ ရွာထဲ လာရောက်ခိုလှုံနေကြတာ လို့ ပြောပါတယ်။
မနေ့က ည ၁၁ နာရီလောက်မှာ အဲဒီရွာထဲကို လက်နက်ကြီးကျည် လေးလုံးကျပြီး ဘုန်းကြီးကျောင်းထဲက ယောက်ျားလေးနှစ်ဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညက လက်နက်ကြီးလေးလုံး တစ်ပြိုင်နက်ပစ်တာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းထဲကျတယ်။ ဘုန်းကြီးကျောင်းထဲကျတဲ့အချိန် အသက်ကတော့ ၁၆၊ ၁၇ အရွယ်လေးတွေ အိပ်နေတဲ့အချိန် ထိသွားတာပေါ့ ”
ဒဏ်ရာရသူ နှစ်ဦးရဲ့ ဒဏ်ရာက စိုးရိမ်စရာမရှိဘဲ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကုသပေးနေတယ်လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ဖယ်ခုံမြို့၊ အရှေ့ဘက်ခြမ်းက ထီရီးဂိတ်စခန်းကို ကရင်နီလက်နက်ကိုင် တပ်ဖွဲ့တွေက သိမ်းလိုက်ပြီးနောက်မှာ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်ဖွဲ့တွေက တန်ပြန် ထိုးစစ်ဆင်လာပြီး လေကြောင်းကလည်း ဗုံးကြဲနေလို့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။