ဖယ်ခုံက ဒုက္ခသည်တွေ ဆေးဝါးအကူအညီမဲ့နေ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံတွေဟာ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရတာကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

လက်ရှိ နာမကျန်းဖြစ်နေတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးအကူ အညီတွေ လိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

“ကျမကလေးက ကိုးလရှိပြီ။ နှာစေးတာလောက်ပဲရှိတယ်။ ကျမအဒေါ်ကလေးကတော့ တောထဲမှာနေရတော့ ဖယ်ခုံရောက်ကာစမှာ ဝမ်းလျှောတာရှိတယ်။ တောထဲမှာသွားနေ ချိန် ဆေးတွေလည်းမရှိတော့ ကလေး ဝမ်းပျက်တာတွေ ရှိတာပေါ့နော်။ ခြင်တွေ၊ ဘာ တွေလည်းရှိတော့ ခြင်ကိုက်တာခံရပြီး နေမကောင်းတာရှိတော့ ဒီမနက်ဆို တောထဲက နေ ဖယ်ခုံဘက်ကို အဘိုးတစ်ယောက်ဖျားလို့ ခေါ်လာကြတယ်”

ရွာရဲ့ အရှေ့ဘက် တောတောင်ထဲမှာ ယာယီတဲတွေထိုးပြီး နေထိုင်နေကြရတဲ့ ဒေသခံ တွေအတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေခက်ခဲတာအပြင် ကျန်းမာရေးစောင့်ရှောက်မှု မရှိတဲ့အတွက် ဖယ်ခုံမြို့ထဲက ဘုရားကျောင်း တစ်ခုမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးဒုက္ခ သည်စခန်းတစ်ခုကို ပြန်လာနေကြရတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအခြေအနေတွေကြောင့် အကူအညီလိုအပ်သူတွေထံကို သွားရောက်ကူညီဖို့ ခက်ခဲနေတာလို့ နောက်ထပ် ဖယ်ခုံဒေသခံတစ်ဦးက ပြောပါတယ်။

“ဖယ်ခုံမှာ စာရင်းတွေ ဘာတွေ လာကောက်တာတော့ရှိတယ်။ ဘယ်သူမှ ကျန်းမာရေး စောင့်ရှောက်မှု မရှိပါဘူး။ တောထဲမှာဆို ပိုဆိုးတာပေါ့။ စက်လှေသမားတွေလည်း မသွားရဲ၊ မလာရဲဘူးလေ။ တစ်ဝက်ကတော့ ဖယ်ခုံနောက်ခြမ်းရောက်ပြီ၊ တစ်ဝက် လောက်က တောထဲမှာ ကျန်သေးတယ်”

ဖယ်ခုံမြို့နယ် အရှေ့ဘက်မှာရှိတဲ့ ကရင်ကျေးရွာအုပ်စု၊ နောင်လိုင်အုပ်စု၊ လွယ်ပေါအုပ်စု၊ နားဟီးအုပ်စုထဲက အိမ်ထောင်စု ၂၆၀၀ နီးပါးဟာ ပြီးခဲ့တဲ့ မေလ ၁၅ နေ့ကနေစလို့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဒေသခံတွေဟာ ဆေးဝါးမလုံလောက်မှုတွေအပြင် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေ မရရှိကြတာကြောင့် ကလေးငယ်တစ်ဦး ဝမ်းပျက်ဝမ်းလျှောနဲ့ သေဆုံးသွားရ တယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က မေလ ၂၆ ရက် မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်က ဒုက္ခသည်စခန်းအချို့မှာ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီ မရတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ မွေးပြီး သေဆုံးသွားတဲ့ ကလေး ခုနစ်ဦးနဲ့ ကလေးဆုံးရှုံးခဲ့ရတဲ့ ကိုယ်ဝန်သည် ကိုးဦးရှိတယ်လို့ လူထုကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးကွန်ရက် CHDN ကောက် ယူထားတဲ့ စာရင်းတွေမှာ ပါရှိပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း သေဆုံးခဲ့ရတဲ့ အရပ် သား ၂၅၇ ဦးထိရှိပြီး အဲဒီအထဲက ၂၄ ဦးဟာ အိုးအိမ်စွန့်ခွာထွက်ပြေးရင်းနဲ့ အသက်ဆုံးရှုံး ခဲ့ရသူတွေဖြစ်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဧပြီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။