သိန္နီမြို့ကို လူ ၇ဝဝ ကျော်လောက် ထွက်ပြေးလာ
2017.07.20

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှာ နယ်မြေအခြေအနေ မလုံခြုံတာကြောင့် သိန္နီမြို့ပေါ်ကို ထွက်ပြေးလာကြတဲ့ ကျေးရွာသား ၇ဝဝ လောက် ရှိနေပါတယ်။
မနေ့ကစပြီး ခမ်းတိမ်းကျေးရွာအုပ်စုအတွင်းက ရွာပေါင်း ၇ ရွာက ဒေသခံတွေဟာ သိန္နီမြို့ပေါ်ကို ထွက်ပြေး လာကြတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခင်ထားရီက ပြောပါတယ်။
"တပ်မတော်က ဝင်သွားတော့ တကယ်လို့ TNLA နဲ့ တွေ့လို့ရှိရင် တိုက်ပွဲဖြစ်မှာစိုးလို့ ရွာသားတွေကို ရှောင်ခိုင်း တာ မနေ့က ၂၉၆ ပဲရောက်တယ် ဒီနေ့ ထပ်တိုးလာလို့ အားလုံးပေါင်းသွားတော့ ၇၃၁ ရှိတယ်၊ ကျမတို့ ရပ်မိ ရပ်ဖတွေရော၊ စေတနာရှင်တွေရော၊ ဌာနဆိုင်ရာတွေ လွှတ်တော် ကိုယ်စားလှယ်တွေ ပေါင်းပြီးအလှူခံလိုက် တာ သိန်း ၃ဝ လောက်ရပါပြီရှင့်"
ပြီးခဲ့တဲ့ရက်ပိုင်းတွေက အစိုးရတပ်မတော်စစ်ကြောင်းတွေလည်း အဲဒီရွာတွေဘက်ရောက်လာကြသလို အဲဒီကျေးရွာတွေတဝိုက်မှာ TNLA တပ်ဖွဲ့တွေ လှုပ်ရှားတဲ့နေရာလည်းဖြစ်တဲ့အတွက် နှစ်ဖက်စစ်ရေး တင်းမာနေကြတယ်လို့လည်း ပြောပါတယ်။