ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ ဒုက္ခသည်စခန်းမှာ MNDAA ကိုးကန့်တပ်ဖွဲ့က လာရောက် စခန်းချနေတာကြောင့် ဒုက္ခသည်စခန်းအနီး တိုက်ပွဲတွေ ဖြစ်လာ မှာကို စိုးရိမ်နေရတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
အင်အား ၁၀၀ ခန့်ရှိတဲ့ ကိုးကန့်တပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ လေးလလောက်ကပင် ဒုက္ခသည်စခန်းမှာ ရှိတဲ့ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေမှာ စခန်းချနေထိုင်နေကြတာကြောင့် ဒုက္ခသည်တွေ အတွက် စိုးရိမ်မှုတွေရှိနေသလို စခန်းမှာ နေထိုင်သူတွေအတွက် အခက်အခဲဖြစ်နေကြတယ်လို့ ကာလိုင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ကိုဘောက်လာက ပြောပါတယ်။
“သစ်ချောင်းတွေနဲ့ ဂိတ်ပုံစံမျိုးလမ်းတွေပိတ်တာပေါ့။ သွားပြောတော့ သူတို့ဘက်က ပြန်ပြီး ဆဲဆိုတာ၊ ခြိမ်း ခြောက်တာလည်းရှိတယ်။ လွိုင်ဆမ်စစ်တောင်ခြေ ကားလမ်းမကြီးနဲ့ဆို ၇ မိုင်ပဲ ဝေးတာ။ စစ်တပ်ကလည်း ဒီဘက်ကို လာနေပြီဆိုတော့ နဂိုကမှ ဒုက္ခသည်ဖြစ်နေတာ ထပ်ပြီး ပြေးရမလို ဖြစ်နေတယ်”
မေလ ၈ ရက်နေ့ မနေ့ ညနေပိုင်းမှာ ကာလိုင်ဒုက္ခသည်စခန်းနဲ့ ၆ မိုင်လောက်ဝေးတဲ့နေရာမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ နောက်ထပ် စစ်ကြောင်းတွေ ထပ်တိုးလာပြီး ဒုက္ခသည်စခန်းအထိ တိုက်ပွဲတွေဖြစ်လာမှာကို ဒုက္ခသည်တွေက စိုးရိမ်နေကြတာပါ။
ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုရန်နိုင်ကတော့ ကာလိုင်ဒုက္ခသည်စခန်းအနီးမှာ ရောက်နေတဲ့ ကိုးကန့် တပ်သားတွေဟာ ဒေသခံတွေနဲ့ ရင်းနှီးမှုမရှိတာကြောင့် အောက်ခြေမှာ ပြဿနာ အနည်းငယ်ရှိခဲ့တယ်လို့ ပြောပါတယ်။ သူတို့အနေနဲ့ မြေပြင်မှာ ကွင်းဆင်းမေးမြန်းခဲ့ ပြီးနောက် အခုလက်ရှိမှာတော့ ပြဿနာတွေ ပြေခဲ့ပြီလို့ တုံ့ပြန်ပါတယ်။
စစ်ဘေးဒုက္ခသည်တွေကတော့ ကိုးကန့်အဖွဲ့ အနေနဲ့ ဒုက္ခသည်စခန်းနဲ့ ကျေးရွာတွေအနီးကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုထားပြီး ကိုးကန့်အဖွဲ့ရဲ့ မြေပြင်ကွင်းဆင်းမှုဟာ ထိထိရောက်ရောက် မရှိခဲ့ဘူးလို့ ပြောပါတယ်။
ကာလိုင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ ကချင်နဲ့ တအာင်းတိုင်းရင်းသားတွေ အများစု ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က ကွတ်ခိုင်မြို့ နယ်အတွင်းမှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ၂၀၁၂ နောက်ပိုင်း စစ်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ TNLA တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း နှစ်ဆယ်ကျော်က လူဦးရေ ၁၂၀၀ ခန့် စုပေါင်းပြီး နေထိုင်နေကြတဲ့ စခန်းလည်းဖြစ်ပါတယ်။