ရှမ်းပြည်တိုက်ပွဲနယ်မြေ အလောင်းတွေ တွေ့ရှိ


2016-05-21
Share
fire-corpse-620.jpg မီးရှို့ခံထားရတဲ့ အလောင်းတချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

တိုက်ပွဲဖြစ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်က ပန်လော့နဲ့ ဝိုးလုံရွာတွေမှာ မီးရှိုးခံထားရတဲ့ အလောင်း ၈လောင်းကို တွေ့ရှိခဲ့တယ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က ပြော ပါတယ်။

မီးရှို့ခံထားရတဲ့ အလောင်းတွေကို ကိုယ်တိုင်တေ့ွရှိခဲ့တဲ့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က အဲ့ဒီမီးလောင်ကျွမ်းနေတဲ့ အလောင်းတွေဟာ ရွာသားလား စစ်သားတွေလားဆိုတာ မသိနိုင်ဘူးလို့ ပြောပါတယ်။

" မီးရှို့ခံထားရတာက ကျနော်တို့တွေ့တာ ဝိုးလုံရွာမှာ နှစ်လောင်းက တစ်နေရာ၊ နောက်တစ်လောင်းက တစ်နေရာဆိုတော့ ကျနော်တို့ ၃ လောင်းတွေ့ခဲ့တယ်ဗျ၊  ပန်လော့ရွာမှာလည်း လူသေလောင်းတွေ့ထားတယ်၊ အဲ့ဒါလည်း မီးရှို့ထားတာပဲ၊ ဖြစ်သလိုရှို့သွားတော့ အရိုးတွေ၊ အသားတွေကျန်နေသေးတာကို ကျနော်တို့ တွေ့ရတယ်၊ ဒါကတော့ မနေ့ကတွေ့ရတဲ့အခြေအနေပေါ့နော်၊ ရွာသားလား၊ စစ်လားဆိုတာတော့ ကျနော်တို့ သေချာမသိရသေးဘူး၊ ဘာလို့လဲဆိုတော့ ကျနော်တို့ အရိုးတွေပဲ ကျန်တာကိုး"

ပန်လော့ရွာမှာ အလောင်း ၃ လောင်း ၊ ဝိုးလုံရွာအပြင်မှာ ၂ လောင်း နဲ့ ဝိုးလုံရွာထဲမှာ ၃ လောင်းတွေ့ရှိတာဖြစ် ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ RFA နယ်မြေခံ သတင်းထောက်လည်း လိုက်ပါသွားတာဖြစ် ပြီး တွေ့ရှိချက်ကို မှတ်တမ်းတင်ခဲ့ပါတယ်။

ကျေးရွာသားတွေကလည်း အလောင်းကို အတိအကျ မည်သူမည်ဝါဆိုတာ မပြောနိုင်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့လောက်က စတင်ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော် နဲ့ SSPP/SSA တို့ တိုက်ပွဲတွေကြောင့် ပန်လော့၊ ဝိုးလုံ၊ အက်ကြီး၊ နမ့်ဖ စတဲ့ရွာတွေက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ထိခိုက်ပျက်စီးမှု အများဆုံးက ဝိုးလုံရွာဖြစ်ပြီး နေအိမ်ဖျက်ဆီးခံရတာတွေ မီးရှို့ခံရတာတွေ တေ့ွရှိခဲ့ရတယ်လို့ ဦးစိုင်းထွန်းဝင်းက ပြောပါတယ်။ ဝိုးလုံရွာက ဒေသခံ ၁၂၀ ကျော်ဟာ ကျောက်မဲမြို့နယ် ပန်ကင်ကျေးရွာမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့