ရွှေဘိုမှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ သေနတ်နဲ့အပစ်ခံရ

2021.09.11
ရွှေဘိုမှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ သေနတ်နဲ့အပစ်ခံရ ရွှေဘိုမြို့တစ်နေရာကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်ကောင်စီ သတင်းပေးနေတဲ့ ဒလံဆိုပြီး စွပ်စွဲခံရသူတစ်ဦးကို ရွှေဘို PDF အဖွဲ့တွေက စက်တင်ဘာ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ကာ ရွှေဘိုဆေးရုံကို ပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့ အမှတ် (၅) ရပ်ကွက်မှာနေတဲ့ ဒလံလို့စွပ်စွဲခံထားရသူ ကိုငွေချိုဆိုသူဟာ သေနတ်နဲ့ ပစ်ခတ် ခံခဲ့ရတာဖြစ်ပြီး သေမသေတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူက ဒလံအကြီးစားကို ပစ္စတိုသေနတ်နဲ့ ၇ ချက်လောက်ပစ်ခံရတာ။ သူမိန်းမလည်း ဆေးရုံကို အထုတ်တွေနဲ့လိုက်သွားတယ်။ သေမသေတော့ အတည်မပြုနိုင်သေးဘူး။ သေပြီဆိုပြီးတော့လည်း သတင်းတွေထွက်နေတယ်”

ရွှေဘိုမြို့ သာယာကုန်းရပ်ကွက်မှာနေတဲ့ စစ်ကောင်စီသတင်းပေးနေပြီး ဒလံလို့ စွပ်စွဲခံရတဲ့ ပန်းရံဆရာ ဦးစိုးတင့်ဟာလည်း သြဂုတ် ၂၉ ရက်နေ့က အသံတိပ်တပ်ထား သေနတ်နဲ့ ရှစ်ချက်လောက် ပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။

စစ်တင်ဘာ ၇ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် ညောင်ကိုင်းရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဝင်တွေရဲ့ နေအိမ်တချို့ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ဝင်ပစ်ခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် ကြံ့ခိုင်ရေးပါတီဝင် သုံးယောက်သေဆုံးပြီး၊ သုံးယောက် ဒဏ်ရာရခဲ့ပါတယ်။

ရွှေဘိုမြို့ပေါ်အပါအဝင် သီးလုံး၊ ညောင်ကိုင်းရွာတွေနဲ့ ရွှေဘိုနယ်တစ်ဝိုက်မှာ စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရပြီး အသတ်ခံရသူ ၁၅ ဦးထက်မနည်းရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။