စစ်တွေမှာ အမျိုးသမီးများ ဆန္ဒပြ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ နေ့လည်ပိုင်းက အမျိုးသမီး (၇၀၀) ကျော်ဟာ မြန်မာပြည် ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် လုံခြုံရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

2012.10.10

ဆန္ဒပြသူ အမျိုးသမီးထုဟာ စစ်တွေမြို့ အေးစေတီဘုရားမှာ စတင်စုဝေးကြပြီး  မြို့လယ်လမ်းမကြီး တလျှောက် ဖြတ်ကာ စစ်တွေမြို့  ကျေးပင်ကြီးရပ်ကွက်ရှိ  ဆရာတော် ဦးဥတ္တမ ရုပ်တုရှေ့ အထိ ချီတက် လမ်းလျှောက် ဆန္ဒပြ ခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို စစ်တွေမြို့ ရပ်ကွက် အသီးသီးက အမျိုးသမီးတွေ ပူးပေါင်း ပါဝင်ခဲ့ကြပြီး သူတို့က  မြန်မာအမျိုးသမီးတွေ ဘဝလုံခြုံရေး၊ ရခိုင်အမျိုးသမီးဘ၀ အေးချမ်းရေး ၊ ရခိုင်ပြည်မှာ OIC ရုံးစိုက်မှာ အလိုမရှိ၊  သမ္မတကြီးပြောတဲ့စကား တည်ပါစေ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော် ဟစ်ကြွေးခဲ့ကြပါတယ်။

ရခိုင်တိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံ ပြည်ထောင်စုကြီး အတွင်းမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပြီးတော့ တခြား တိုင်းရင်းသားတွေနဲ့ အတူ အေးချမ်းစွာ နေထိုင်သွားချင်တယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ ဒေါ်ညိုအေးက RFA ကို အခုလို ပြောပါတယ်။

"ရခိုင်လူမျိုးတွေရဲ့ ဘဝလုံခြုံမှုကို ကိုယ့်ကြမ္မာကိုယ် ဖန်တီးပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းမှာ တိုင်းရင်းသားများနဲ့အတူ အေးချမ်းစွာ နေထိုင် ရပ်တည်ချင်ပါတယ်ဆိုတဲ့ စကားလေးပဲ ကျွန်မ ပြောချင်ပါတယ်။"

အဲဒီဆန္ဒပြပွဲကို နေ့လည် ၁၂ နာရီမှာ စတင်ခဲ့ပြီး ၂ နာရီကျော်လောက်မှာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ စစ်တွေမြို့မှာ ဆန္ဒပြသူ အမျိုးသမီးထုထဲက ဒေါ်ဥမ္မာကို  အာရ်အက်ဖ်အေ အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။