မြို့ခြောက်မြို့ကို ဒီဇင်ဘာလမှာ စစ်ကောင်စီလက်လွှတ်ခဲ့ရကြောင်း ဉာဏ်လင်းသစ်အဖွဲ့ ထုတ်ပြန်

RFA Burmese
2025.02.05
မြို့ခြောက်မြို့ကို ဒီဇင်ဘာလမှာ စစ်ကောင်စီလက်လွှတ်ခဲ့ရကြောင်း ဉာဏ်လင်းသစ်အဖွဲ့ ထုတ်ပြန် အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းစစ်ရုံးအဆောက်အအုံ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က AA ထုတ်ပြန်ထားစဥ်။
AA info Desk

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက မြို့ခြောက်မြို့ကို သိမ်းယူခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က မောင်တော၊ တောင်ကုတ်၊ ဂွနဲ့ အမ်းမြို့တွေကို အပြီးသတ်သိမ်းနိုင်ခဲ့သလို ချင်းပြည်နယ်မှာလည်း ချင်းညီနောင်တပ်ဖွဲ့က မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၁၄၃၇ ဦး ထက်မနည်းသေဆုံးပြီး ၃၈၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ၄၂ ဦးသေဆုံးပြီး ၈၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲတွေအတွင်း လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၃၄ ဦးသေဆုံးပြီး ၄၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ အမည်မသိအဖွဲ့အစည်တွေက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် အရပ်သား ၁၇၂ ဦးသေဆုံးပြီး ၂၅၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီအထဲမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အယောက် ၆၀ ကျော်နဲ့ အများဆုံးသေဆုံးပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၃ ဦးသေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက အရပ်သား အနည်းဆုံးနှစ်ထောင်နီးပါး (၁၉၉၉ ဦး) ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီက ၁၉၉၅ ဦးနဲ့ အများဆုံးဖမ်းဆီးခဲ့တာလို့လည်း ဆိုပါတယ်။ အဲအထဲမှာ စစ်ကိုင်းတိုင်းက ၅၈၉ ဦးထက်မနည်း ဖမ်းခံရပြီး စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်တာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာနဲ့ အဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးတာလို့လည်း ရေးသားထားပါတယ်။

ဒီအချက်အလက်တွေကို သတင်းဌာန လေးဆယ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံကောက်ယူခဲ့တာဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။