အိန္ဒိယနိုင်ငံသား လူမှုဖူလုံရေးသက်သေခံကတ် Aadhaar အတုတွေကိုင်ဆောင်ပြီး မြန်မာနိုင်ငံဘက်ကို မိုးရေးမြို့ နယ်စပ်ဂိတ်ကနေ သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ခြောက်ဦးကို မဏိပူရ် ပြည်နယ် အင်ဖာမြို့လေဆိပ်မှာ အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီး စစ်ဆေးနေတယ်လို့ Imphal Free Press သတင်းစာက မနေ့က ရေးသားလိုက်ပါတယ်။
သူတို့ကို သြဂုတ်လ ၁ဝ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ပထမရမန် ၇ ရက်နဲ့ ထိန်းသိမ်းခဲ့ပြီး စုံစမ်းစစ်ဆေးရာမှာ ရှေ့နောက်မညီတဲ့ ထွက်ဆိုမှုတွေ တွေ့ရကြောင်း၊ မသင်္ကာဖွယ်ရာ နောက်ကြောင်းကို ထပ်မံစုံစမ်းစစ်ဆေးနိုင်ဖို့ မနေ့က နောက်ထပ် ရမန် ခြောက်ရက်တိုးထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီ ခြောက်ဦးဟာ အသက် ၂ဝ ကျော် အရွယ်တွေဖြစ်ပြီး မြိတ်၊ ရန်ကုန်၊ မန္တလေးနဲ့ ပျဉ်းမနား ဒေသတွေက ဖြစ်ပြီး အိန္ဒိယနိုင်ငံသား အစ္စလာမ်ဘာသာဝင် ခြောက်ဦးရဲ့ မှတ်ပုံတင်တွေကို ကိုင်ဆောင်ထားကြတယ်လို့ သိရပါတယ်။
သူတို့ ခြောက်ဦးဟာ အိန္ဒိယနိုင်ငံသား လူမှုဖူလုံရေးကတ်ပြား အတုတွေနဲ့ ကြားခံ အေးဂျင့်တွေရဲ့ အကူအညီနဲ့ နယူးဒေလီမြို့ကနေ မဏိပူရ်ပြည်နယ်ကို ဝင်ရောက်လာတာဖြစ်ပြီး ခြောက်ယောက်မှာ တစ်ယောက်သာ ဟိန္ဒီစကားတတ်ပြီး ကျန် ငါးယောက်က ဟိန္ဒီစကား၊ အင်္ဂလိပ်စကားနဲ့ မဏိပူရ် စကား တစ်လုံးမှ နားလည်တတ်ကျွမ်းခြင်းမရှိကြောင်း၊ ဒ့ါကြောင့် စာရွက်စာတမ်းအတုလုပ်တာနဲ့ ပတ်သက်ပြီး ရည်ရွယ်ချက်အမှန်သိရှိဖို့ အိန္ဒိယရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးလိုတဲ့အတွက် ရမန်တိုးရယူခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
သြဂုတ်လ ၁၁ ရက်နေ့ထုတ် အိန္ဒိယအရှေ့မြောက်ပိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီ မြန်မာ ခြောက်ဦးဟာ ရိုဟင်ဂျာ မွတ်စလင်တွေ ဖြစ်ပြီး ဒေလီမြို့က အစ္စလာမ်သာသနာကျောင်းနဲ့ တခြားနယ်က ကျောင်းတွေမှာ သင်တန်းတက်ခဲ့သူတွေလို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
တဆက်ထဲမှာလည်း အိန္ဒိယနိုင်ငံမှာ အကျဉ်းကျနေတဲ့ နိုင်ငံခြားသား အကျဉ်းသား ၆၀၀၀ ကျော်ရှိပြီး ဒီအထဲမှာ မြန်မာနိုင်ငံသား အကျဉ်းသား စုစုပေါင်း ၂၄ဝ ခန့်ရှိတယ်လို့ မနေ့က ထုတ်တဲ့ Times of India သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။