မိုးထိမိုးမိ ရွှေသူဌေး ဦးစိုးထွန်းရှိန် ထောင် ၁၀ နှစ်ချမှတ်ခံရ
2023.09.28
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို မိုးထိမိုးမိဒေသ ရွှေတွင်းလုပ်ကွက်ကိစ္စတွေနဲ့ ပတ်သက်လို့ တရားရင်ဆိုင်နေရတဲ့အမှုတွေထဲက တစ်မှုကို မန္တလေးတိုင်း ရမည်းသင်းခရိုင် တရားရုံးကနေ စက်တင်ဘာ ၂၇ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ သူနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
သူကို နိုင်ငံ့ဘဏ္ဍာကို ရွှေပိဿာတစ်ထောင်ကျော် ပေးသွင်းဖို့ရန်ရှိတာ၊ ရွှေထုတ်လုပ်တာ ရပ်ဆိုင်းထားဖို့ ညွှန်ကြားတာကို မလိုက်နာတာ စတဲ့အကြောင်းအရာတွေအတွက် အမှုသုံးခုခွဲပြီး တရားစွဲဆိုထားတာပါ။
အခုအမိန့်ချခဲ့တာကတော့ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ-၃ နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး အယူခံအဆင့်ဆင့် ဆက်တက်မယ်လို့ ဦးစိုးထွန်းရှိန်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အခုအမိန့်ချလိုက်တဲ့အမှုက ဖြစ်စဉ်တစ်ခုတည်းကိုပဲ ပုဒ်မနှစ်ခုနဲ့ ခွဲစွဲထားတဲ့သဘောပါ့။ ဥက္ကဋ္ဌ (ဦးစိုးထွန်းရှိန်) ကလည်း အသက်နဲ့ရင်းပြီး အမှန်အကန်လုပ်ဆောင်ခဲ့တယ် ဆိုတဲ့အကြောင်း ကြေညာထားတယ်။ ကုမ္ပဏီဘက်ကတော့ အယူခံအဆင့်ဆင့် ဆက်တက်မှာပေါ့နော်”
ဦးစိုးထွန်းရှိန်ရဲ့ အမှုသုံးခုမှာ ကျန်တဲ့အမှုနှစ်ခုကတော့ သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (က) (၁) အမှုနဲ့ ရွှေ ၁၂၉၃ ပိဿာရလိုကြောင်း သူ့ကိုစွဲထားတဲ့ တရားမမှုတို့ ဖြစ်ပါတယ်။ သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (က) (၁) နဲ့ စွဲထားတဲ့ အမှုအတွက်ကိုတော့ ၂၀၂၂ ခုနှစ် မေလအတွင်းက ရမည်းသင်းခရိုင် တရားရုံးက သူ့ကို အပြီးအပြတ်လွှတ်ပေးခဲ့တာပါ။
ဒါကြောင့်သူဟာ မန္တလေးတိုင်း တရားလွှတ်တော်မှာ စွဲဆိုထားတဲ့ ရွှေ ၁၂၉၃ ပိဿာရလိုကြောင်း တရားမမှုအတွက် ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဦးစိုးထွန်းရှိန်ဟာ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်း ဧကခြောက်ထောင်ကျော် ကျယ်ဝန်းတဲ့ မိုးထိမိုးမိဒေသမှာ ရွှေလုပ်ကွက်ကို ၂၀၁၁ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့်ရခဲ့ပြီး နိုင်ငံတော်ကိုသွင်းရမယ့် ရွှေကြွေးကျန်တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၁၈ ခုနှစ်မှာ သတ္တုတွင်းဝန်ကြီးဌာနက တရားလိုလုပ်ပြီး တရားစွဲခဲ့တာပါ။
အဲဒီနောက် တိမ်းရှောင်နေတဲ့ ဦးစိုးထွန်းရှိန်ကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတာဖြစ်ပါတယ်။