မြိုင်မြို့နယ် ရွာလေးရွာက ဒေသခံ ၆၀ ဝန်းကျင် အဖမ်းခံထားရ

2022.05.17
မြိုင်မြို့နယ် ရွာလေးရွာက ဒေသခံ ၆၀ ဝန်းကျင် အဖမ်းခံထားရ ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့မှာ စစ်တပ် မီးရှို့ခဲ့သည့် မကွေးတိုင်း မြိုင်မြို့နယ်မြောက်ပိုင်းရှိ လက်ယက်မ(စံပြ)ကျေးရွာမှ နေအိမ်များကို တွေ့ရစဥ်
Photo: Citizen Journalist

မကွေးတိုင်း မြိုင်မြို့နယ် ရွာလေးရွာက ဒေသခံ အယောက် ၆၀ ဝန်းကျင်ကို မေလ ၁၃ ရက်နေ့ကနေ ၁၅ ရက်ထိ သုံးရက်အတွင်း စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေဟာ မေလ ၁၃ ရက်နေ့ကနေ ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးနေတဲ့ ပိတောက်ကန် (ခ) ရွာရှည်၊ လက်ယက်မ၊ ဖျသီးနဲ့ တောင်ကိုင်းရွာက ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ လက်ယက်မရွာက ဒေသခံ ၂၃ ဦး၊ တောင်ကိုင်းရွာက ခုနစ်ဦးနဲ့ ဖျသီးရွာက ရှစ်ဦး အဖမ်းခံရပြီးနောက် မေလ ၁၅ ရက်နေ့မှာတော့ လက်ယက်မ ရွာက ၁၀ ဦး၊ တောင်ကိုင်းရွာက ခုနစ်ဦးနဲ့ ပိတောက်ကန်ရွာက ခြောက်ဦးကိုပါ ထပ်ဖမ်း သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၅ ရက်နေ့က ထပ်ဖမ်းသွားတဲ့အထဲမှာ အမျိုးသမီးကိုးဦးအပြင် အသက်မပြည့်သူ တွေပါပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အတက်ရောဂါရှိလို့ ပြန်လွှတ်ပေးလိုက်တဲ့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ ပစ္စည်းတွေကို ထမ်းခိုင်းတာ၊ စစ်ကြောင်းရှေ့ကနေ သွားခိုင်းတာတွေ လုပ်ခိုင်းတယ်လို့ ဒေသခံတွေက ပြန်ပြောပြပါတယ်။

"အခု ကျနော့်ရွာက ဖမ်းသွားတဲ့သူတွေကျ အဘိုးကြီးက ပြန်ပြောပြတယ်။ သူတို့ ပါလာတဲ့ လက်နက်၊ ခဲယမ်းတွေ ထမ်းခိုင်းတယ်။ ပြီးတော့ ရပ်ရွာထဲက သူတို့ ယူချင်သမျှ ယူလာတဲ့ပစ္စည်းတွေကို ထမ်းသယ်ခိုင်းတယ်။ ရှေ့ကနေ သွားခိုင်းတာတို့ အဲလိုမျိုးတွေ လုပ်တယ်။ ရွာက ၁၃ နှစ် ကောင်လေးဆိုရင် ကျောပိုးအိတ်က လူနဲ့ မလိုက် အကြီးကြီး လွယ်ခိုင်းထားတာ"

ပိတောက်ကန်ရွာက အဖမ်းခံထားရသူတွေထဲမှာ အသက် ၁၃ နှစ်အရွယ် ကိုထွန်းထွန်းဝင်း၊ အသက် ၁၇ နှစ် အရွယ် ကိုကျော်ဇင်အောင်၊ အသက် ၃၈ နှစ်အရွယ် ကိုအောင်ကြည်ဆွေ၊ အသက် ၅၅ နှစ်အရွယ် ကိုဌေးဝင်းတို့သားအဖပါဝင်ပြီး ဒီနေ့အချိန်အထိ ပြန်မလွှတ်ပေး သေးဘူးလို့ ဆိုပါတယ်။

ဒေသခံတွေ အဖမ်းခံရတဲ့ကိစ္စအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ တုံ့ပြန်မှုရဖို့ RFA က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းခေါ်ဆိုနေပေမယ့် ညနေ ၆ နာရီကျော်အထိ လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်သားတွေက ပိတောက်ကန်၊ လက်ယက်မ၊ တောင်ကိုင်း၊ ဖျသီးနဲ့ ထန်းတောမ စတဲ့ ရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ရွာလုံးကျွတ် ထွက် ပြေးနေကြရပြီး စားရေး၊ သောက်ရေး၊ နေစရာ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။