ကမာရွတ်မြို့နယ်ထဲက ပြည်သူ ၁၁ ဦး ရိုက်နှက်အဖမ်းခံရ

2021.09.16
ကမာရွတ်မြို့နယ်ထဲက ပြည်သူ ၁၁ ဦး ရိုက်နှက်အဖမ်းခံရ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်အိမ်ယာကို ၂၀၂၁ စက်တင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်တွေ ရောက်လာစဥ်
Photo: CJ

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ထဲက မိန်းကလေး ငါးဦးနဲ့ ယောကျ်ားလေး ခြောက်ဦး စုစုပေါင်း ၁၁ ဦးကို စက်တင်ဘာလ ၁၅ ရက် မနေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရိုက်နှက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ည ၁၀ နာရီဝန်းကျင် ပြည်ရိပ်မွန်အိမ်ယာထဲကို စစ်ကောင်စီတပ်က စစ်ကား ခုနစ်စီး၊ အိမ်စီးကား နှစ်စီးနဲ့ ဝင်ရောက်လာပြီး တိုက်အမှတ် (၂၂) နဲ့ တိုက်အမှတ် (၂၅) က ယောကျ်ားလေး နှစ်ဦးစီနဲ့ အဲဒီကိစ္စကို ဖုန်းနဲ့ မှတ်တမ်းရိုက်ကူးနေသူတစ်ဦးကိုပါ ဖမ်းသွားခဲ့တာဖြစ်ပါတယ်။

တိုက်အမှတ် (၂၂) က ဖမ်းခံရတဲ့ ယောကျာ်းလေးတစ်ဦးကို တိုက်ပေါ်ကခုန်ချပြေးတယ်ဆိုပြီး သတိလစ်တဲ့ အထိ ရိုက်နှက်ခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကိုယ်တိုင်တွေ့ခဲ့သူတစ်ဦးက RFA ကိုပြောပါတယ်။

“တစ်ဦးကို တိုက်ပေါ်ကနေ ခုန်ချပါတယ်ဆိုပြီး စွပ်စွဲပြီးကို နှိပ်စက်တာ၊ ခြေထောက်လှုပ်မရတော့ ကန်တယ်၊ ပါးတွေနားတွေရိုက်မေးတယ်၊ ထိုးကြိတ်နေတာများ အော်သံငိုသံတွေ ဆူညံနေတာပါပဲ၊ သွေးတွေတော်တော်ထွက်ပြီး မေ့လဲသွားတဲ့အထိပါပဲ၊ ကျဉ်စက်နဲ့ပါတို့တာပါ၊ အဲဒီ မေ့လဲတဲ့သူကို ကားပေါ်ဒီအတိုင်းတင်သွားတယ်” လို့ ကိုယ်တိုင်တွေ့ခဲ့သူက ဆိုပါတယ်။

ည ၁၀ နာရီခွဲဝန်းကျင်မှာလည်း အမှတ် (၇) ရပ်ကွက်၊ ပေ (၅၀) လမ်းနဲ့ လှည်းတန်း (၅) လမ်းထဲက တိုက် တစ်တိုက်ကို စစ်ကောင်စီတပ်သား အင်အား ၁၅ ဦးဝန်းကျင်နဲ့ သော့ဖျက်ဝင်ရောက်ပြီး မိန်းကလေးတစ်ဦးနဲ့ ယောကျာ်းလေးနှစ်ဦးကို ထပ်ဖမ်းဆီးသွားတယ်လို့ အနီးအနားနေသူတွေပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကမာရွတ်မြို့နယ်ထဲမှာ အရင်ကတည်းက နေထိုင်သူတွေဖြစ်ကြပြီး အသက် ၂၀ ကနေ ၃၀ ဝန်းကျင်ရှိသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ည ၁၁ နာရီခွဲအချိန်မှာလည်း ကမာရွတ် (၃) ရပ်ကွက်၊ မဟာဘောဂ လမ်းထဲက သားအမိနှစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတော့ တိတိကျကျမသိရသေးသလို ဘယ်ကိုဖမ်းသွားလဲဆိုတာလည်း သေချာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) က စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မယ်လို့ စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ဝင်ရောက်ဖမ်းဆီးတာတွေ ပိုမိုပြုလုပ်လာနေတာဖြစ်ပါတယ်။

ဒါ့အပြင် အိမ်ငှားနေထိုင်သူတွေကို ဧည့်စာရင်းတိုင်ဖို့နဲ့ ဧည့်စာရင်းမတိုင်ထားတဲ့သူတွေအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဆက်စပ်ပြီး စစ်ဆေးပေါ်ပေါက်ရင် နေအိမ်ကိုပါ နိုင်ငံပိုင်အဖြစ်သိမ်းမယ်ဆိုလို့ စစ်ကောင်စီပိုင် မြ၀တီမီဒီယာကနေ နေ့စဉ်ကြေညာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။