ပုသိမ်မြို့နယ်ထဲက ဒေသခံရှစ်ဦး PDF စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရ

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ထဲက ကျေးရွာအချို့ကို ဩဂုတ်လ ၃၀ ရက်နေ့ကနေ စက်တင်ဘာလ ၂ ရက်နေ့ အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေပြီး ဒေသခံ ရှစ်ဦးကို ဖမ်းသွားတယ်လို့ အမည် မဖော်လိုတဲ့ ဒေသခံက RFA ကိုပြောပါတယ်။

ဩဂုတ်လ ၃၀ ရက်နေ့က ပုသိမ် - ချောင်းသာသွားတဲ့ဘက်မှာရှိတဲ့ ရှောပြာရွာထဲကို အရပ်ဝတ်နဲ့ စစ်ကောင်စီ တပ်သားတွေ ရောက်လာပြီး ရွာသား အကြီးကောင် (ခေါ်) ကိုထွန်းမင်းဦး ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး ဖမ်းသွားတယ်လို့ ဒေသခံက ပြောပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့မှာလည်း ရှောပြာရွာထဲက ရွှေထူးချွန် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းကို ဝင်ရောက်ရှာဖွေပြီး ကွန်ပျူတာနှစ်လုံးကို သိမ်းသွားတာကြောင့် သင်တန်းဆရာက စက်တင်ဘာ ၁ ရက်နေ့မှာ ရဲစခန်းကိုလိုက်သွားပြီးရှင်းပြချိန် ထပ်ဖမ်းလိုက်တယ်လို့ ဒေသခံကဆိုပါတယ်။

ရွှေထူးချွန် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်း ဆရာဟာ လက်ရှိ သာပေါင်းမြို့နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာန လက်အောက်ကဝန်ထမ်းဖြစ်ပြီး CDM မလုပ်ထားသူဖြစ်လို့ ရဲစခန်းကို လိုက်သွားပြီး ရှင်းပြချိန်မှာ အဖမ်းခံထားရတာလို့ အဆိုပါကျောင်းဆရာနဲ့ နီးစပ်တဲ့ဒေသခံက RFA ကိုပြောပါတယ်။

အလားတူ စက်တင်ဘာလ ၁ ရက်နေ့မှာလည်း ရှောပြာရွာထဲကို စစ်ကောင်တပ်သားတွေ ထပ်မံရောက်လာပြီး ဒေသခံရွာသား NLD ပါတီထောက်ခံသူ နှစ်ဦးကို ဖမ်းသွားတဲ့အပြင် နေ့စဉ်နီးပါး လာရောက်ရှာဖွေတာတွေ ကြောင့် ကလပ်ချေရွာ၊ ဥယျာဉ်ချောင်းရွာ စတဲ့အနီးအနားရွာတွေက လူငယ်တွေပါ ရှောင်ပုန်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှောပြာရွာက ဒေသခံ လေးဦးအပြင် သလပ်ခွာရွာက ဒေသခံတစ်ဦးနဲ့ ပုသိမ်မြို့ပေါ် ရာမညရပ်ကွက်က ဒေသခံပြည်သူ သုံးဦးကိုလည်း PDF နဲ့ အဆက်သွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။