စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောရိုးကျေးရွာက နေအိမ် ၃၀၀ ကျော် မတ်လ ၁၀ ရက် မနေ့ညက မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ရွာကို ဝင်ရောက် လာပြီးနောက် ညပိုင်းမှာ အိမ်တွေ မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့ဝင်လာတော့ ထွက်ပြေးတဲ့လမ်းမှာတွေ့တဲ့ သားအမိနှစ်ယောက်ဆို ဆိုင်ကယ်ကို မီးရှို့ခံလိုက်ရတယ်။ တချို့လည်း ထွက်ပြေးနိုင်တယ်။ တချို့လည်း မပြေးနိုင်ကြဘူး။ ညရောက်တော့ ရွာကို မီးရှို့တယ်။ မီးငြိမ်း သွားရင် ထပ်ရှို့တယ်။ လေးကြိမ်ရှို့တာ။ ပျူစောထီးရွာဖြစ်တဲ့ ဇီးဖြူကုန်းရွာက တချို့က သူတို့ရွာမှာ မနေချင်တော့ ဒီဘက်ရွာကို လာနေကြတာရှိတယ်။ အဲဒါကို လက်ခံထားတာ မကျေနပ်ကြလို့ အခုလိုလုပ်ကြတာ နေမှာ။ ရွာက PDF လည်း မရှိပါဘူး “
မနေ့က ရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဟာ အင်အား ၁၂၀ ခန့်ရှိပြီး ဒီနေ့ မနက်ပိုင်းမှာတော့ ရွာကနေ ထွက်ခွာသွားကြတယ်လို့ သူက ပြောပါတယ်။
နှောရိုးကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး အဲဒီအထဲက အိမ်ပေါင်း ၃၀၀ ကျော် မီးရှို့ခံခဲ့ ရတာဖြစ်သလို လူပေါင်း ၁၆၀၀၀ ကျော်ဟာလည်း အခြားဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ မနေ့ မနက်က နှောရိုးရွာကို ရောက်လာချိန် ဒေသခံရှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဒီနေ့ ပြန်ထွက်သွားချိန်မှာတော့ လေးဦးကို ပြန်လွှတ်လိုက်ပေမယ့် ကျန်လေးဦးကိုတော့ ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ အသက် ၅၆ နှစ်အရွယ် ဦးမှတ်ရှိန်၊ အသက် ၆၄ နှစ်အရွယ် ဦးသန်းဝင်း၊ အသက် ၆၅ နှစ်အရွယ် ဦးရွှေကိုနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး တို့ဖြစ်တယ်လို့ ပြောပါတယ်။
ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ချောင်းနားကျေးရွာကို ရောက်ရှိ နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ယခင်ကတော့ အရပ်သား တွေရဲ့ နေအိမ်တွေကို မီးရှို့စရာ အကြောင်းမရှိကြောင်းနဲ့ ဒါဟာ PDF အဖွဲ့တွေရဲ့ လက်ချက်သာဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့လတွေကလည်း ပုလဲမြို့နယ်အတွင်းက ပန်းရွာ၊ လှော်ကားကြီးရွာ၊ ကိုင်းတွင်းရွာ၊ ဇီဖြူကုန်းရွာ၊ ချောင်းဦး ရွာတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်လာပြီးနောက် နေအိမ်တွေ မီးရှို့ခံခဲ့ရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။